အစွန်းရောက်နှင့် မာဖီးယားများထံ ရောင်းမယ့် မှောင်ခိုစျေးမှ လက်နက် တစ်သောင်းကျော်ကို စပိန်ရဲများ ဖမ်းဆီးရမိ

အစွန်းရောက်နှင့် မာဖီးယားများထံ ရောင်းမယ့် မှောင်ခိုစျေးမှ လက်နက် တစ်သောင်းကျော်ကို စပိန်ရဲများ ဖမ်းဆီးရမိ

မက်ဒရစ်၊ မတ် ၁၅ ။                ။ အစွန်းရောက်အုပ်စုတွေနဲ့ မာဖီးယားတွေကို ရောင်းချဖို့ အသင့်ဖြစ်နေတဲ့ မှောင်ခိုစျေးကွက်က လက်နက်တစ်သောင်းကျော်ကို ဖမ်းဆီးရမိကြောင်း စပိန်ရဲဌာနက ကြေညာပါတယ်။

ဗစ်ကာယာ၊ ဂါရိုနာနဲ့ ကန်တာဘရီယာပြည်နယ်တွေမှာ ဥရောပရဲအဖွဲ့နဲ့ ပူးပေါင်းစစ်ဆင်မှုတွေအတွင်း ဇန်နဝါရီလအတွင်း လက်နက်တွေကို ဖမ်းဆီးရမိတာဖြစ်ကြောင်း စပိန်ရဲတပ်ဖွဲ့ ပြောခွင့်ရသူက မတ် ၁၄ ရက်မှာ ပြောပါတယ်။

ဘရပ်ဆဲမှာရှိတဲ့ ဂျူးပြတိုက်ကို ၂၀၁၄ ခုနှစ် မေ ၁၄ ရက် တိုက်ခိုက်မှုမှာ ကျုးလွန်သူတရားခံအသုံးပြုခဲ့တဲ့ လက်နက်တွေကို ခြေရာခံစုံစမ်းရာကနေ ခုလို မှောင်ခိုစျေးကွက်က လက်နက်တွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုမှာတော့ လူလေးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ထိုစုံစမ်းမှုနောက်ပိုင်းမှာ စပိန်ရဲတပ်ဖွဲ့က လူငါးဦးကို ဖမ်းဆီးနိုင်ပြီး လက်နက်ရာပေါင်းများစွာကို စတင်သိမ်းဆည်းရမိတာဖြစ်ပါတယ်။

လက်နက်ဂိုဏ်းအဖွဲ့ဟာ လျှို့ဝှက်ခေတ်မီတဲ့ လက်နက်စက်ရုံတစ်ရုံကို တည်ဆောက်ထားပြီး လက်နက်တွေကို ပြင်ဆင်တပ်ဆင်ထုတ်လုပ်နေတာဖြစ်ကြောင်း ရဲပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly