ကိုလံဘီယာအစိုးရက စစ်ရာဇဝတ်မှုဆိုင်ရာ အထူးတရားရုံးများ ထူထောင်သွားမည်

ကိုလံဘီယာအစိုးရက စစ်ရာဇဝတ်မှုဆိုင်ရာ အထူးတရားရုံးများ ထူထောင်သွားမည်

မတ် ၁၄ ။                ။ စစ်ရာဇဝတ်မှုဆိုင်ရာ အထူးတရားရုံးများ ထူထောင်ဖွဲ့စည်းရေးအတွက် ဖွဲ့စည်းပုံ ပြင်ဆင်ချက်တစ်ခုကို ကိုလံဘီယာ ဆိနိတ်လွှတ်တော်က မတ်လ ၁၃ ရက်မှာ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ယင်း စစ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးတွေ ထူထောင်ဖွဲ့စည်းမှုက နိုင်ငံမှာ ဆယ်စုနှစ်ငါးစုကြာ ပြည်တွင်းစစ်ကို ပြေငြိမ်းစေခဲ့တဲ့ သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် အဓိကလိုအပ်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။

ယခု ဖွဲ့စည်းထူထောင်မယ့် တရားရုံးစနစ်မှာတော့ အပိုင်း သုံးပိုင်း ပါ၀င်မှာဖြစ်ပြီး အမှန်တရား ရှာဖွေရေး ကော်မရှင်၊ စစ်အတွင်း ပျောက်ဆုံးနေသူတွေကို ရှာဖွေမယ့် ဌာနတစ်ခု နဲ့ လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲများအတွင်းက ကျူးလွန်ထားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်သွားမယ့် လွတ်လပ်တဲ့ အဖွဲ့တစ်ခု တို့ပါ၀င်မှာ ဖြစ်ပါတယ်။

ယခုလို တရားရုံးတွေ ဖွဲ့စည်းခြင်းက ပြီးခဲ့တဲ့ နို၀င်ဘာလက FARC သူပုန်တွေနဲ့ အကြား ရရှိထားခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့အဓိက ကျောရိုးတစ်ခုလည်း ဖြစ်လာဖို့ ရှိနေပါတယ်။

ယင်းနိုင်ငံမှာတော့ နှစ်ပေါင်း ၅၃ နှစ်ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေမှုနဲ့ သမ္မတ ဟွမ်မန်နျူရယ် ဆန်းတို့စ်ဟာလည်း အောက်တိုဘာလက နိုဗယ်ငြိမ်းချမ်းရေးဆုပါ ရရှိထားခဲ့ပါတယ်။

FARC သူပုန်အုပ်စုအနေနဲ့ ၁၉၆၄ ခုနှစ်ကတည်းက အစိုးရအပေါ် တိုက်ခိုက်နေခဲ့တဲ့ အဓိက သူပုန်အဖွဲ့ဖြစ်ပါတယ်။

 ယခု ရရှိထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အောက်မှာတော့ FARC တို့အနေနဲ့ နိုင်ငံရေးပါတီတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းသွားဖို့ရှိနေပြီး ယင်းရဲ့တပ်ဖွဲ့ဝင် အင်အား ၅,၇၀၀ ဟာလည်း ခြောက်လအတွင်း လက်နက်ဖြုတ်သိမ်းသွားဖို့ သဘောတူညီထားပြီး ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags