ကင်ဂျုံးနမ်အလောင်းထုတ်ယူခွင့် မိသားစုများကို အချိန်သုံးပတ် မလေးရှားပေးထား

ကင်ဂျုံးနမ်အလောင်းထုတ်ယူခွင့် မိသားစုများကို အချိန်သုံးပတ် မလေးရှားပေးထား

မြောက်ကိုရီးယားအစိုးရ ခေါင်းဆောင်အကြီးအကဲ ကင်ဂျုံးအွန်ရဲ့ မလေးရှားမှာ လုပ်ကြံခံရတဲ့ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံးနမ်အလောင်းကို မိသားစုဝင်တွေ အချိန်နှစ်ပတ်မှ သုံးပတ်အတွင်း လာရောက်ထုတ်ယူခွင့် ပေးထားကြောင်း မလေးရှားကျန်းမာရေးဝန်ကြီး ဆတ်ရမ်နီအမ်က မတ် ၁၃ ရက်မှာ ပြောပါတယ်။

ကွာလာလမ်ပူဆေးရုံက ရင်ခွဲရုံမှာ ထားရှိထားတဲ့ ကင်ဂျုံးနမ်ရုပ်အလောင်းနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို “ဒါကို အချိန်နှစ်ပတ်သုံးပတ်အတွင်း ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”လို့ ၀န်ကြီးက ဖြေကြားခဲ့ပါတယ်။

တကယ်လို့ ကင်ဂျုံးနမ်ရဲ့ ဇနီးမယားဖြစ်စေ၊ သားသမီးဖြစ်စေ တစ်ဦးဦးက အလောင်းလာရောက်ထုတ်ယူခြင်း မရှိပါက မလေးရှားအနေနဲ့ အစိုးရအစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၀န်ကြီး ဆတ်ရမ်နီအမ်က ဖြည့်စွက်ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ မလေးရှားရဲတွေက ကင်ဂျုံးနမ်ရုပ်အလောင်းကို စစ်ဆေးမှု အလုံးစုံပြီးလို့ ကျန်းမာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က ကွာလာလမ်ပူလေဆိပ်ရှိ ထွက်ခွာတာမီနယ်မှာ မကာအိုပြန်ဖို့ လေယာဉ်စောင့်နေစဉ် ကင်ဂျုံးနမ်က လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံသားတွေဖြစ်တဲ့ အမျိုးသမီးနှစ်ဦးက ကင်ဂျုံးနမ်ရဲ့ မျက်နှာကို VX ဓာတုအဆိပ်နဲ့ ပက်ဖျန်းလုပ်ကြံခဲ့တာဖြစ်ပြီး ဆေးရုံသွားရာလမ်းမှာတင် သေဆုံးခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly