မြောက်ကိုရီးယားဒုံးကျည်အရေး တင်းမာနေချိန် တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်တို့က စစ်ကစားခြင်းများ စတင်လုပ်ဆောင်

မြောက်ကိုရီးယားဒုံးကျည်အရေး တင်းမာနေချိန် တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်တို့က စစ်ကစားခြင်းများ စတင်လုပ်ဆောင်

ဆိုးလ်၊ မတ် ၁၃ ။           ။ မြောက်ကိုရီးယားရဲ့ နောက်ဆုံးဒုံးကျည်ပစ်လွှတ်မှုကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုမြင့်တက်နေချိန် တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်တို့ဟာ စစ်ပွဲသဏ္ဍန်တု စစ်ချီစစ်တိုက် စစ်ရေးလေ့ကျင့်မှုတွေကို စတင်လုပ်ဆောင်လာပါတယ်။

တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ THAAD ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ချထားသလို နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ Key Resolve ဆိုတဲ့ စစ်ပွဲသဏ္ဍန်တု စစ်ချီစစ်ကစားခြင်းကို ၎င်းနှစ်နိုင်ငံက မတ် ၁၃ ရက်မှာ စတင်လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

ကွန်ပြူတာသဏ္ဍန်တု ဖန်တီးမှုတွေကတစ်ဆင့် အမြောက်တပ်စစ်ရေးလေ့ကျင့်ခြင်းနဲ့ မြေပြင်စစ်ချီခြင်းတွေပါဝင်တဲ့ အခုစစ်ရေးလေ့ကျင့်မှုကို မတ် ၂၄ ရက်အထိ လုပ်ဆောင်သွားမှာဖြစ်ကြောင်း   တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက EFE သတင်းဌာနကို ပြောပါတယ်။

ဒါအပြင် မြောက်ကိုရီးယားရဲ့ ကျုးကျော်ရန်စမှုတွေကို အသင့်တုံ့ပြန်နိုင်ရေး ရည်ရွယ်တဲ့ တောင်ကိုရီးယားလေတပ်စစ်ရေးလေ့ကျင့်မှုကိုလည်း လုပ်ဆောင်နေကြောင်း သတင်းရင်းမြစ်တစ်ရပ်က ဆိုပါတယ်။ မတ် ၁၇ ရက်အထိ လုပ်ဆောင်မယ့် လေတပ်စစ်ရေးလေ့ကျင့်မှုမှာ F-15 နဲ့ FA – 50 တိုက်လေယာဉ်တွေအပါအဝင် လေယာဉ်စင်းရေ ၅၀ နဲ့ စစ်ရေးလေ့ကျင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ် ၁ ရက်မှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၎င်းနှစ်နိုင်ငံရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို ကျုးကျော်ရန်စနေခြင်းအဖြစ် ရှုမြင်ထားတဲ့ မြောက်ကိုရီးယားက တုံ့ပြန်တဲ့အနေနဲ့ မတ် ၆ ရက်မှာ ဒုံးကျည်လေးစင်း ပစ်လွှတ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly