ဘန်ကောက်၊ မတ် ၁၃ ။ ။ ထိုင်းနိုင်ငံမှာ အမျိုးသားဆင်များနေ့ကို ရှေးဟောင်းအယုဒ္ဓယမြို့တော်မှာ မတ် ၁၃ ရက်က ကျင်းပပါတယ်။
မတ် ၁၃ ရက်မှာ ကျင်းပတဲ့ ထိုင်းဆင်များနေ့မှာ အနီရောင်၊ ရွှေရောင်၊ အစိမ်းရောင်စတဲ့ ပြိုးပြိုးပြက်ပြက်အရောင်အသွေးတွေနဲ့ တန်ဆာဆင်ပေးထားတဲ့ အာရှဆင်ဒါဇင်များစွာကို ထိုင်းဘုန်းတော်ကြီးတွေက ရေမန်းပရိတ်ရေနဲ့ ဦးစွာ ပက်ဖျန်းပေးပါတယ်။
ဆင်ကြီးတွေကို ရေမန်းနဲ့ ပက်ဖျန်းပြီးတဲ့နောက်မှာတော့ စီးချင်းထိုးဟန် ဟန်ရေးပြကစားစေကာ စီတန်းလှည့်လည်ကြြ့ပီး သစ်သီးဝလံတွေလည်း ကျွေးမွေးကြပါတယ်။
အယုဒ္ဓယဆင်ဥယျဉ်တွင်းမှာ ကျင်းပတဲ့ ခုဆင်များနေ့မှာ ဆင်တွေလိုပဲ ပြိုးပြက်နဲ့ အဝတ်အစားတွေ ဆင်မြန်းထားတဲ့ ဆင်ဦးစီးတွေက ဆင်တွေကို စီးနင်းပြီး နတ်ရွာစံဘုရင်ကြီး ဘူမိဘောနဲ့ လက်ရှိထီးနန်းစိုးစံတဲ့ သားဖြစ်သူ ဘုရင်ဝါဇီရလောင်ကွန်းတို့ကို အရိုအသေပေးကြပါတယ်။
ထိုင်းအခေါ်အားဖြင့် Chang Thai Day အမျိုးသားဆင်များနေ့ကို အယုဒ္ဓယဆင်ဥယျာဉ်တွင်းသာမက နိုင်ငံတွင်းက ဆင်စခန်းတွေမှာလည်း အလားတူကျင်းပကြပါတယ်။
နိုင်ငံတွင်းက ရှိရှိသမျှ ဆင်တွေအတွက် ကံကောင်းခြင်းတွေ ဖြစ်ထွန်းစေဖို့ ရည်ရွယ်ပြီး ၁၉၉၈ ခုနှစ်ကစကာ ထိုင်းအစိုးရက အမျိုးသားဆင်များနေ့ကို နှစ်စဉ်ကျင်းပစေခဲ့တာဖြစ်ပါတယ်။