မန္တလေးမြို့တွင် ဘာသာ​ပေါင်​းစုံ ညီအစ်​ကို ​မောင်နှမများ ​တွေ့ဆုံပွဲ ကျင်းပမည်

မန္တလေးမြို့တွင် ဘာသာ​ပေါင်​းစုံ ညီအစ်​ကို ​မောင်နှမများ ​တွေ့ဆုံပွဲ ကျင်းပမည်

မန္တလေး၊ မတ်လ ၁၃ ။            ။ ငြိမ်​းချမ်​းချစ်​ကြည်​စွာ ထာဝစဉ်​ယှဉ်​တွဲ​နေထိုင်​ကြသည်​့ ဘာသာ​ပေါင်​းစုံ ညီအစ်​ကို ​မောင်​နှမများ ​တွေ့ဆုံပွဲ ဟု ဆိုသော အခမ်​းအနား (မန္တ​လေး)ကို မတ်လ ၁၈ ရက်နေ့၊မွန်းလွဲ ၁ နာရီမှစတင်၍  မန္တလေးမြို့၊မြို့တော်ခန်းမတွင် ကျင်းပသွားမည်ဟု  သိရသည်။

အဆိုပါပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို မတ်လ ၁၃ ရက်၊မွန်းလွဲ ၁ နာရီ၊၃၀ မိနစ်က ၂၆ လမ်းနှင့် ရ၅ လမ်းထောင့်ရှိ Y.M.C.A ခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

" မန္တလေးမြို့ဟာ ဆိုလို့ရှိရင်လည်း တကယ့်ယဉ်ကျေးမှု မြို့တော် ဖြစ်တာနဲ့ အညီ မန္တလေးမြို့မှာလည်း ဘာသာပေါင်းစုံ၊ တိုင်းရင်းသား ညီအစ်ကိုပေါင်းစုံ စုစုစည်းစည်းနဲ့   ရှေးယခင်ကတည်းက   နေထိုင်ခဲ့ကြတယ်။ အခုလည်း နေထိုင်နေကြတယ်။ နောင်လည်းပဲ နေထိုင်သွားကြတယ်။ နေသွားတဲ့အခါမှာ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦးကြား၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုလည်း အတူတကွ လက်တွဲပြီးတော့ ဖြေရှင်းကြတဲ့ သာဓကတွေလည်း အများကြီးရှိပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။

"နောင်လည်းပဲ ဒီလိုနေသွားမယ် ဆန္ဒနဲ့ ဖော်ထုတ်ချင်တဲ့အတွက် အားလုံးဟာ စုစုစည်းစည်း ညီညီညွှတ်ညွှတ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ရှိတယ်ဆိုတဲ့ ပြယုတ်ကို ကျွန်တော်တို့ပြချင်တယ်။ ဒီအတွက် အခမ်းအနားလုပ်ပါတယ်"ဟု ဦးတင်ထွဋ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ဘဝလင်း ဆရာတော် ဦးသောဘိတက" ဒီရွေးကောက်ပွဲ ဝန်းကျင်မှာ ဖြစ်လာတတ်တဲ့ ပဋိပက္ခတွေ ဖန်တီးမှုတွေ အဲဒါတွေကို ကြိုတင်ကာကွယ်ချင်လို့လည်း ဖြစ်ပါတယ်။ နောက်တစ်ခုက ၂၀၀၈ အခြေခံဥပဒေမှာပါတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပါ၊ တိုင်းရင်းသားပေါင်းစုံ လွတ်လပ်ချစ်ကြည်စွာ နေထိုင်နိုင်ရေး၊ ကိုးကွယ်နိုင်ရေး အဲဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လမ်းစတစ်ခုဖြစ်တယ်ဆိုတဲ့  ရည်ရွယ်ချက်နဲ့ ဒီပွဲကို လုပ်ပါတယ်"ဟု မိန့်သည်။

ဆက်လက်၍ ခရစ်ယာန် ဘုန်းတော်ကြီး ဦးဇော်ဝင်းအောင်က "မန္တလေးမြို့ရဲ့ပုံရိပ်ဟာ အရင်တုန်းက ဘာသာပေါင်းစုံ၊လူမျိုးပေါင်းစုံ၊အလွှာပေါင်းစုံဟာ ငြိမ်းချမ်းချစ်ကြည်စွာ အတူယှဉ်တွဲ   နေထိုင်ကြသည့်နည်းတူ အခုလည်းနေထိုင်လျှက်ရှိတယ်။ နောင်လဲအတူ ဆက်နေထိုင်သွားမယ်ဆိုတဲ့ ပုံရိပ် နိုင်ငံတစ်ဝှမ်းလုံးကို သိစေချင်ဆန္ဒကြီးမားပါတယ်။ တစ်နည်းအားဖြင့်   ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပြီးတော့မှ ဒီအခမ်းအနားကို နိုင်ငံတော်အဆင့်၊ တိုင်းအဆင့်နဲ့ အတူတကွ   ပြည်သူ၊ပြည်သားအားလုံးနဲ့ အတူတကွရှိနေတယ်ဆိုတာကို ဖော်ဆောင်လိုခြင်း၊ ဖော်ပြလိုခြင်းဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်"ဟု ပြောသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ တက်ရောက်ကြမည်ဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များလည်း တက်ရောက်ကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly