အာဆင်နယ်နည်းပြအနာဂတ်အတွက် စိုးရိမ်ပူပန်မှုမရှိကြောင်း အာစင်ဝင်းဂါး ပြော

အာဆင်နယ်နည်းပြအနာဂတ်အတွက် စိုးရိမ်ပူပန်မှုမရှိကြောင်း အာစင်ဝင်းဂါး ပြော

မတ် ၁၂၊ အင်္ဂလန် ။              ။ လင်ကွန်းစီးတီးအသင်းအား အက်ဖ်အေဖလားကွာတားဖိုင်နယ်တွင် ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက သူ၏အနာဂတ်အတွက် စိုးရိမ်ပူပန်မှု မရှိကြောင်း ပြောဆိုလိုက်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့ပေါင်း ၁၀ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လင်ကွင်းစီးတီးကို ၅ ဂိုးပြတ် ပြန်လည်အနိုင်ရခဲ့ခြင်းမှာ အာစင်ဝင်းဂါးနှင့် သူ၏အသင်းသားများကို အသက်ရှုချောင်စေခဲ့သည်။

သို့သော် အာဆင်နယ်ပရိသတ်များသည် အာစင်ဝင်းဂါးကို အသင်းမှထွက်ခွာသွားရန် အလိုရှိနေကြဆဲဖြစ်ပြီး လင်ကွန်းစီးတီးနှင့်ပွဲမတိုင်မီကလည်း ၀င်းဂါးထွက်သွားဟု အဓိပ္ပါယ်ရသည့် 'Wexit' စာတန်းများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

အာစင်ဝင်းဂါးက အာဆင်နယ်အသင်းအနေဖြင့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်သို့ လေးနှစ်ဆက်တိုက်တက် ရောက်နိုင်ခဲ့သော်လည်း ဝေဖန်မှုများကို တိတ်ဆိတ်သွားစေလိမ့်မည်မဟုတ်ကြောင်း ဆိုသည်။

'ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။ အခု ကျွန်တော်တို့ ပြန်လာပါပြီ။ ကျွန်တော်တို့ ၀င်ဘလေကွင်းကို နောက်တစ်ကြိမ်သွားလိုပါတယ်။ ကစားသမားတွေရဲ့ စိတ်ဓာတ်တွေ မာကျောနေဖို့ လိုအပ်ပါတယ်။

ကျွန်တော့်အကြောင်းကို အများကြီးမပြောလိုပါဘူး။ ဒါကအရင်ကလည်း ဖြစ်နေကြပါ။ ကျွန်တော့်ဘဝမှာ ဒီအသင်းအတွက် အပြည့်အဝပေးဆပ်ခဲ့ပြီးပါပြီ။ ဒီမှာ ရှိနေရမယ့် အချိန်အထိလည်း အရင်လိုပဲ လုပ်ကိုင်သွားမှာပါ။ အာဆင်နယ်မှာ ဘယ်အချိန်အထိ ဆက်ရှိနေမလဲဆိုတာတော့ မသိပါဘူး။

အခု ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ထားပါတယ်။ ဒါက ကျွန်တော်အမြဲလုပ်ခဲ့တဲ့ အရာပါ။ အခြားသူတွေကို ကျွန်တော့်စွမ်းဆောင်ရည်အတွက် အကဲဖြတ်ခွင့်ပေးထားပါတယ်။ အနားယူရမယ့်အကြောင်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိပါဘူး။ နောက်တစ်ပွဲအတွက်ကိုပဲ အာရုံစိုက်ထားပါတယ်' ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly