တာချီလိတ်တွင် ကျပ် သိန်း ၁၅၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

တာချီလိတ်တွင် ကျပ် သိန်း ၁၅၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ
ဓာတ်ပုံ-MOI

မတ်လ ၁၀ ။            ။ ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့တွင် မတ် ၈ ရက် ညနေပိုင်းက WY ဆေးပြား အပြား ၄ သိန်းကျော် နှင့် စုစုပေါင်း ကျပ်သိန်း ၁၅၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်ဟု ပြန်ကြားရေးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် မြို့ပတ်လမ်း အောင်မင်္ဂလာ ရှစ်ခန်းတွဲတိုက်ခန်း တတိယထပ်ရှိ ဒေါ်နန်းအွေ့ နေထိုင်သော အခန်းအမှတ်(၈)အား ဝင်ရောက်ရှာဖွေရာမှ ယင်းသို့ ကျပ် သိန်း ရ၀၀၀ ကျော်တန်ဖိုးရှိ  WY ဆေးပြားများအပါအဝင်မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တွေ့ရှိမှုမှာ WYစာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား အပြား ၄၈၆ဝဝဝ ၊ အလေးချိန် ၄၈ ဒသမ ၆ ကီလို၊ တန်ဖိုးငွေကျပ် သိန်းပေါင်း ရ၂၉ဝ ခန့်၊ စိတ်ကြွရူး သွပ်ဆေးပြား ရိုက်နှိပ်ရန် အသင့်ရောစပ်ထားသည့် နီညိုရောင် အမှုန့်အလေး ချိန် ၄ဝ ကီလို၊ တန်ဖိုးငွေကျပ် သိန်းပေါင်း ၆ဝဝဝ ခန့် ၊ စိတ်ကြရူးသွပ်ဆေးပြား ရိုက်နှိပ်ရန် အသင့်ရောစပ်ထားသည့် နီညိုရောင်အမှုန့် (အစို) အလေးချိန် ၁၁ ကီလိုခန့်ပါ တစ်ထုပ်၊ တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၆၅ဝ ခန့်၊ မက်သာအက်ဖီတမင်း (အိုက်စ်) အဖြူရောင် ပုံဆောင်ခဲ အလေးချိန် ၂ ဒသမ၂၂ ကီလိုခန့် တန်ဖိုးငွေကျပ် ၅၅၅ သိန်းခန့်၊ ဆူဒိုအက်ဖီရင်း ဆေးပြား အလေးချိန် ၃၁ ကီလိုခန့် တန်ဖိုးငွေကျပ် ၁၅၅ သိန်းခန့်တို့အား ဖမ်းဆည်း ရရှိခဲ့ပြီး SHN-7J/ ---- နံပါတ်တပ်ဆင်ထားသည့် Mark II အဖြူရောင် ကားတစ်စီး တို့အား သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဒေါ်နန်းအွေ့၏ ထွက်ဆိုချက်အရ ယင်းပစ္စည်းများမှာ ၎င်း ချွေးမတော်စပ်သူ မအေးဖြူဖြူ၏ ပစ္စည်း များဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး မူးယစ်ဆေးဝါး/ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ ဒေါ်နန်းအွေ့ နှင့် ထွက်ပြေးတိမ်းရှောင်နေသူ မအေးဖြူဖြူတို့အား တာချီ လိတ်မြို့မရဲတပ်ဖွဲ့စခန်း မှ အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly