ဝေဠုကျော်ဖောင်ဒေးရှင်း လောက်ကိုင်မြို့သို့ ထွက်ခွာ

ဝေဠုကျော်ဖောင်ဒေးရှင်း လောက်ကိုင်မြို့သို့ ထွက်ခွာ
ဓာတ်ပုံ- လားရှိုးမောင်မောင်သန်း

ရန်ကုန်၊ မတ် ၉ ။           ။ လောက်ကိုင်မြို့အတွင်း နေရပ်မပြန်နိုင်ဘဲ သောင်တင်နေသည့် စစ်ဘေးရှောင်ပြည်သူများကို ကူညီရန်အတွက် ဝေဠုကျော် ဦးဆောင်သည့် ဝေဠုကျော်ဖောင်ဒေးရှင်း   လောက်ကိုင်မြို့သို့ ယနေ့ ထွက်ခွာသွားကြောင်း သိရသည်။

“ ဒီနေ့ နေ့လည် ၁နာရီခွဲမှာ ဝေဠုကျော်က ဝေဠုကျော်ဖောင်းဒေးရှင်းနဲ့ လာရှိုးကနေ လောက်ကိုင်တက်သွားပါပြီ ။ ဟိုမှာကားရှိ၊ မရှိ ။ မရှိဘူးဆိုရင် သူ လှမ်းခေါ်မယ် ။ ကျွန်တော်တို့့ ကားတွေလွှတ်ပေးရမယ်။ လောက်ကိုင်အထိ သွားမယ် ။ အထဲမှာ ပိတ်မိနေတယ်ဆိုတဲ့သူတွေ အားလုံးကို ဆွဲထုတ်မယ်။ ကားကြီးတွေက လောက်ကိုင်သွားလို့မရဘူး။  ချင်းရွှေဟော်ထိပဲဆိုရင် ကျွန်တော်တို့ လားရှိုးလူမှုရေးအသင်းတွေက ကား၄ စီးရှိမယ် ။ စူပါကာစတန် ၄ စီးလောက်နဲ့့ မြေသယ်ကားနှစ်စီး သွားမယ် ။ ချင်းရွှေဟော်မှာပဲနေမယ် ။ ကားကြီးကို ကားငယ် ၄စီးနဲ့ ကြိုပို့လုပ်မယ်။ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကို ” ဟု စစ်ဘေးရှောင်ပြည်သူများကိုကူညီနေသည့် လားရှိုးအခြေစိုက်ပရဟိတအဖွဲ့တစ်ခုမှ ဦးမောင်မောင်သန်းက မဇ္စျိမသို့ အတည်ပြုသည်။

ဖောင်ဒေးရှင်းမှ လောက်ကိုင်မြို့တွင်း နေရပ်မပြန်နိုင်ဘဲ သောင်တင်နေသည့် သူများကို ကယ်ထုတ်ရန်နှင့် ဒဏ်ရာရရှိသူများကို ကုသပေးရန်ရည်ရွယ်ပြီး လောက်ကိုင်မြို့သို့ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

လောက်ကိုင်သို့ ထွက်ခွာသွားသည့် ဝေဠုကျော်ဖောင်ဒေးရှင်းသည် ရန်ကုန်မှ လူ ၄ ဦးနှင့် လားရှိုးမှ လူတစ်ဦး စုစုပေါင်း ၅ဦးဖြင့် လောက်ကိုင်မြို့သို့ ထွက်ခွာသွားခြင်းဖြစ်သည်။

လောက်ကိုင်မြို့မှ ထွက်သည့်လမ်းကြောင်းများကိုပိတ်ထားခြင်းမရှိသော်လည်း လောက်ကိုင်-လားရှိုး ကားခမှာ လူတစ်ဦးလျှင် တစ်သိန်းခွဲ မြင့်တက်လာသောကြောင့် ကားခမတတ်နိုင်သည့် အလုပ်သမား အများစု ပိတ်မိသောင်တင်နေခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly