လောက်ကိုင်မြို့အနီး ရန်လုံကျိုင်းဂိတ်အနီးတွင် တိုက်ပွဲပြင်းထန်နေ

လောက်ကိုင်မြို့အနီး ရန်လုံကျိုင်းဂိတ်အနီးတွင် တိုက်ပွဲပြင်းထန်နေ
ဓာတ်ပုံ-EPA

ရန်ကုန်၊ မတ် ၉ ။           ။ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့အနီး ရန်လုံကျိုင်းနယ်စပ်ဂိတ်တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲများ ပြင်းထန်နေပြီး ယနေ့ မတ် ၉ ရက်မှာ ၃ရက်အတွင်း အပြင်းထန်ဆုံးတိုက်ပွဲဖြစ်နိုင်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က မဇ္စျိမသို့ ပြောသည်။

“ အဓိကတိုက်ပွဲဖြစ်တာတော့ ရန်လုံကျိုင်းနယ်စပ်ဂိတ်ရယ် ၁၂၅ မိုင်တိုင် အမှတ်ရယ် ၊ အဲ့ဒီ ၁၂၅ နဲ့ ၁၂၇ နဲ့ ၅ နေရာလောက်မှာတော့ ဖြစ်နေတယ်။ ဖြစ်နေတာတော့ နည်းနည်းကြာပြီ ။ ဒါပေမယ့် ဒီ ၃၊ ၄ ရက်တော့နေရာတော်တော်များများမှာ တိုက်ပွဲပိုပြင်းထန်တယ် ။ ဒီနေ့ကတော့ ပိုပြင်းတဲ့တိုက်ပွဲလို့ ပြောလို့ရတယ် ”ဟု ၄င်းက ပြောဆိုသည်။

ယနေ့ ညနေ ၅နာရီခွဲဝန်းကျင်ခန့်အထိ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် MNDAA တို့ တိုက်ပွဲ ၅နေရာခန့်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

လောက်ကိုင်မြို့တွင်းတွင်လည်း  စတင်ဖြစ်ပွားသည့် မတ်လ ၆ နေ့လောက် ပြင်းထန်မှုမရှိတော့သော်လည်း တိုက်ပွဲအချို့ရှိ နေသေးကြောင်း သိရသည်။

အမည်မဖော်လိုသည့် တပ်မတော်အရာရှိတစ်ဦးက “ မြို့ထဲမှာခုထိကို ပစ်နေတုန်း။ ဒီနေ့ခင်းကို ပစ်နေတာ ။ ညဘက်ကိုကတော့ ပြောမနေနဲ့တော့ ။ အဲမှာ မြို့ထဲမှာ ပစ်သေးတယ် ။ အရပ်သား လည်း ထိတယ် ၊ ထိတာတော့ မသိနိုင်ဘူး ။ တစ်ချို့တဝက်ဝင်လာတာ အရပ်ဝတ်နဲ့ ကိုယ်က စစ်သားဆိုတော့ အရပ်ဝတ်နဲ့ မပစ်ရဘူးလေ ။ သူတို့က ပစ်သွားတာပဲ ။ တောင်ညီနောင်ကုန်းကတော့ မနေ့က တပ်ကတော့ တပ်မ ၆၆ က ပြန်အသိမ်းလိုက်ပြီ ။ ရန်လုံကျိုင်းအစပ်မှာပဲ သူတို့ရှိတော့တယ်” ဟု ပြောသည်။

မတ်လ ၆ ရက်ကစပြီး ၃ရက်ကြာဖြစ်ပွားနေဆဲဖြစ်သည့်လောက်ကိုင်တိုက်ပွဲတွင် တပ်မတော်၊ မြောက်ပိုင်းမဟာမိတ်တို့အပြင် အရပ်သားများလည်းထိခိုက် သေဆုံးမှုများရှိနေသည်။

 AFP သတင်းဌာနဖော်ပြချက်အရ လောက်ကိုင်တိုက်ပွဲကြောင့် အနည်းဆုံးအရပ်သား ၃၀ ကျော်သေဆုံးခဲ့ ပြီးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly