နည်းပြကွန်တီကို လစာငွေတိုးမြှင့်၍ ချယ်လ်ဆီးအသင်း စာချုပ်သစ် ချုပ်ဆိုမည်

နည်းပြကွန်တီကို လစာငွေတိုးမြှင့်၍ ချယ်လ်ဆီးအသင်း စာချုပ်သစ် ချုပ်ဆိုမည်

မတ် ၉၊ အင်္ဂလန် ။              ။ ချယ်လ်ဆီးအသင်းသည် နည်းပြကွန်တီကို လစာငွေတိုးမြှင့်၍ စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်လျက်ရှိသည်။ ကွန်တီကို စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်းက   ခေါ်ယူရန် ကြိုးပမ်းနေသောကြောင့် ချယ်လ်ဆီးအသင်းက ကြိုတင်ကာကွယ်သည့်အနေဖြင့် စာချုပ်သစ်ချုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ကွန်တီသည် လက်ရှိတွင် တစ်နှစ်လစာငွေ ပေါင် ၆.၅ သန်းရရှိနေပြီး ၂၀၁၉ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသည်။ ချယ်လ်ဆီးအသင်းသည် ကွန်တီ၏လစာငွေကို ပေါင် ၈ သန်းအထိ တိုးမြှင့်ပြီး စာချုပ်သစ် ချုပ်ဆိုမည် ဖြစ်သည်။

ကွန်တီသည် ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးသို့ရောက်ရှိအောင် စွမ်းဆောင်ပေးထားပြီး ဒုတိယနေရာမှအသင်းနှင့် ၁၀ မှတ်ကွာဟနေသဖြင့် ချန်ပီယံဖြစ်ရန် နီးစပ်နေပြီဖြစ်သလို အက်ဖ်အေဖလားတွင်လည်း ဗိုလ်စွဲရန် အခွင့်အရေးရှိနေသေးသည်။

ကွန်တီ၏ လစာငွေမှာ ပေါင် ၈ သန်းအထိ တိုးလာမည်ဖြစ်သော်လည်း ပေါင် ၁၅ သန်း ရရှိနေသည့် မန်ယူနည်းပြ မော်ရင်ဟိုထက် များစွာနည်းပါးနေဦးမည် ဖြစ်သည်။

ကွန်တီ၏ဇနီးဖြစ်သူနှင့် သမီးဖြစ်သူတို့မှာ ယခုလာမည့်နွေရာသီတွင် အင်္ဂလန်သို့ပြောင်းရွှေ့ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ၎င်းတို့သည် ဆွမ်ဆီးကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲကို စတမ်းဖို့ဒ်ဘရစ်ချ်တွင် လာရောက်ကြည့်ရှုခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly