အမျိုးသမီးတွေ အခွင့်အရေး ဆုံးရှုံးနေဆဲလို့ ဒေါ်အောင်ဆန်းစုကြည်ထံ နယ်သာလန် သံအမတ် အိတ်ဖွင့်ပေးစာပို့

အမျိုးသမီးတွေ အခွင့်အရေး ဆုံးရှုံးနေဆဲလို့ ဒေါ်အောင်ဆန်းစုကြည်ထံ နယ်သာလန် သံအမတ် အိတ်ဖွင့်ပေးစာပို့

မတ်လ ၈ ရက်တွင် ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ နယ်သာလန်သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ ဒီပေးပို့စာမှာ အမျိုးသမီးတွေ အခွင့်အရေး ဆုံးရှုံးနေဆဲလို့ ပါရှိပါတယ်။ အိတ်ဖွင့်ပေးစာ အပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားတွေကို မိမိတို့ ကျင်းပကြပါတယ်။ ယခုလို နေ့မျိုးမှာ မြန်မာ၊ နယ်သာလန်နဲ့ ကမ္ဘာတစ်ဝန်းက မိမိတို့ရဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ အမျိုးသမီးတွေ အဓိကကျတဲ့အခန်းကဏ္ဍတွေမှာ ပါ၀င်နေကြတာကို ဂုဏ်ပြုရမှာဖြစ်ပါတယ်။ ယနေ့ ကမ္ဘာပေါ်မှာ အပြင်ပန်းအားဖြင့်တော့ လုံးလုံးလျားလျား ပြောင်းလဲဖြစ်ပေါ်နေမှုတွေနဲ့ ဆူပူရှုပ်ထွေးနေမှုများ ရှိနေချိန် အခါအခိုက်မှာတော ယခုနှစ်ရဲ့ အဓိကဆိုလိုရင်း  " အပြောင်းအလဲအတွက် ရဲရင့်ပါ" ကလည်း အထူးသင့်တော် ကိုက်ညီနေပါတယ်။

အလားတူ လက်ရှိ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံကို ကြည့်ရင်လည်း ဒီမိုကရေစီ ပြောင်းလဲမှုတွေနဲ့အတူ တက်ကြွလှုပ်ရှားလာကြတဲ့ အမျိုးသမီးတွေ အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ဘဝအသီးသီးတွေထဲက အခွင့်အလမ်းတွေကို ဖမ်းဆုပ်ကိုင်တွယ်ရင်း ဟိုးယခင်အချိန်တွေက ရောက်အောင်သွားထားနိုင်ခြင်းမရှိခဲ့တဲ့ နယ်ပယ်တွေကို ရဲရဲရင့်ရင့် ချီတက်နေပြီဖြစ်တဲ့အတွက်ကြောင့် ယခုနှစ် ဆိုလိုရင်းနဲ့ အထူးကိုက်ညီနေမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အနေနဲ့ အပြောင်းအလဲတွေအတွက် ရဲရင့်စွာနဲ့ပဲ လိုက်လံ လုပ်ဆောင်ပေးခဲ့ပြီး အမျိုးသား၊အမျိုးသမီး အားလုံးပါ၀င်သော မြန်မာပြည်သူပြည်သား အားလုံးအတွက် ဒီမိုကရက်တစ် အဝန်းအဝိုင်းတစ်ခုကို ထူထောင်ဖန်တီးပေးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ အဝန်းအဝိုင်းကို စောင့်ကြပ်ကာကွယ်ဖို့ လိုအပ်သလို ချဲ့ထွင်သွားဖို့လည်း လိုအပ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ယခုအချိန်ထိ အခွင့်အရေးဆုံးရှုံးနေရတဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်တာကြောင့် သူတို့တွေအတွက် သူတို့နဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေ သေချာပေါက် ရရှိနိုင်ရမှာလည်း ဖြစ်ပါတယ်။

ဒီအတွက်ကြောင့်လည်း မိမိတို့ နယ်သာလန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီးတော့ အမျိုးသမီးတွေ သူတို့ရဲ့ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်မယ့် ဆွေးနွေးပွဲတွေမှာသေချာပေါက် ပါ၀င်နိုင်ရေး လုပ်ဆောင် နေလျက်ရှိပါတယ်။  မိမိတိုရဲ့ လက်တွဲဘက်တွေဖြစ်ကြတဲ့ မြန်မာ အမျိုးသမီးများ အဖွဲ့ချုပ်၊ မြန်မာ အမျိုးသမီးများ သမဂ္ဂ၊ ကချင်အမျိုးသမီးများအဖွဲ့၊ ပလောင် အမျိုးသမီးများ အဖွဲ့နဲ့ ရှမ်းအမျိုးသမီးများ လှုပ်ရှားမှုကွန်ရက်တို့နဲ့ ပူးပေါင်းပြီး အမျိုးသမီးတွေ မည်သည့်အခွင့်အရေးတိုင်းမဆို ဖမ်းဆုပ်နိုင်မယ့်၊ အောင်မြင်တဲ့ လုပ်ငန်းရှင်တွေ၊ ဂျာနယ်လစ်တွေ၊ အနုပညာရှင်တွေ၊ ၀န်ကြီးတွေ ဖြစ်လာနိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်မယ့်၊ သူတို့ စိတ်ဆန္ဒရှိတာတွေ လုပ်ကိုင်နိုင်မယ့် အသိုက်အဝန်းအဖွဲ့အစည်းတစ်ခု ထူထောင်ဖန်တီးပေးဖို့ မိမိတို့ ရည်ရွယ်လုပ်ဆောင်နေပါတယ်။

SHE DECIDES

ယခုနှစ် အဓိကဆိုလိုရင်းကို မျှော်မှန်းရင်းနဲ့ မိမိတို့ရဲ့ နယ်သာလန် နိုင်ငံခြားကုန်သွယ်မှုနဲ့ ဖွံ့ဖြိုးရေးပူးပေါင်းမှုဆိုင်ရာ ၀န်ကြီး Lilianne Ploumen ကလည်း "She Decides"ခြေလှမ်းနဲ့အတူ ရဲရင့်တဲ့ ခြေလှမ်းတစ်ရပ်ကို ချမှတ်ခဲ့ပါတယ်။ "She Decides" " သူမ ဆုံးဖြတ်နိုင်တယ်" ဆိုတဲ့ ခြေလှမ်းဟာတော့ အမျိုးသမီးတွေကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်မယ့်၊ သူတို့ ဘယ်အချိန်မျိုးမဆို၊ သူတို့မှာ သားသမီးကလေး ဘယ်နှစ်ယောက်ပဲ ရှိရှိ သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်မယ့် အခြေခံအခွင့်အရေးတစ်ရပ် အာမခံပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ "She Decides" ကတော့ ဒီလိုမျိုး အခြေခံ အခွင့်အရေးတွေကို ထောက်ကူပေးနိုင်ဖို့အတွက် လိင်ပိုင်းဆိုင်ကျန်းမာရေးနှင့် မိသားစု စီမံကိန်းဆိုင်ရာ ကမ္ဘာ့ ရည်မှန်းချက် ခြေလှမ်းသစ်တစ်ခုပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေ အခွင့်အရေးရရှိခြင်းက မိမိတို့ အားလုံးကို စည်းလုံးညီညွတ်စေမယ်လို့ နယ်သာလန်အစိုးရကလည်း ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက ရှမ်း၊ ကချင်၊ ရခိုင်၊ ရန်ကုန်၊ ပဲခူး နဲ့ အခြား ဘယ်နေရာမှာဆို ရှိနေကြတဲ့ အမျိုးသမီးတွေ၊ မိန်းမလေးငယ်တွေအနေနဲ့ မိမိတို့နိုင်ငံက The Hague ၊ Amsterdam ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကမ္ဘာတစ်ဝန်းက ဘယ်နေရာကမဆိုပဲဖြစ်ဖြစ် ရှိနေကြတဲ့ အမျိုးသမီးတွေနဲ့ မိန်းမငယ်တွေနဲ့ တန်းတူပဲ သူတို့ကိုယ်တိုင်မှာ ဆုံးဖြတ်နိုင်ခွင့် ရှိကြပါတယ်။ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတွေအနေနဲ့ နှစ်ကာလများစွာကြာတုန်းက ဒီလိုမျိုး အခွင့်အရေးရဖို့ ရုန်းကန်ထားခဲ့ကြရပြီးတော့ သူတို့တွေရဲ့ အောင်မြင်မှုတွေက ရှိနေပြီ ဖြစ်ပါတယ်။

"She Decides" က အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ သယ်ဆောင်ပေးလာတဲ့ ခွန်အားပြည့် သတင်းစကားတစ်ခုကို ပေးပို့လိုက်ခြင်း ဖြစ်တဲ့အတွက်ကြောင့်လည်း မိမိတို့အနေနဲ့ ဒီလိုအခွင့်အရေးတွေကို ခိုင်ခိုင်မာမာ ရပ်တည်ကာကွယ်ပေးသွားကြရမှာဖြစ်ပါတယ်။ နယ်သာလန်အစိုးရအနေနဲ့လည်း ဒီလိုအပိုင်းကဏ္ဍတွေမှာ လိုအပ်တဲ့ ငွေကြေးတွေကို ထည့်ဝင်ပေးထားပြီး ဖြစ်သလို ယခုလက်ရှိအချိန်ထိ အမျိုးသမီးတွေနဲ့ မိန်းမလေးငယ်တွေအတွက် ယူရို ၁၈၁ သန်း ထိ ရှိသွားပြီဖြစ်ပါတယ်။

ဒီနိုင်ငံနဲ့ အစိုးရအတွက်တော့ "She Decides" မှာ အနည်းငယ် ကွဲလွဲတဲ့ အဓိပ္ပါယ်တစ်ခု ရှိနေတယ်ဆိုတာ မိမိတို့ ကောင်းစွာ သိရှိထားပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးထုအားလုံးရဲ့ ကောင်းကျိုးချမ်းသာမှုကို ကာကွယ်ပေးမယ့် ဒီလို လုပ်ဆောင်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ မိမိတို့ မျှော်လင့်ထားပါတယ်။ ဒါမှလည်း အမျိုးသမီးထုတစ်ရပ်လုံးအနေနဲ့ သူတို့တတွေရဲ့ ကိုယ်ပိုင် အနာဂတ်တွေ၊ သူတို့နိုင်ငံရဲ့ အနာဂတ်အတွက် ပါ၀င်အားဖြည့်နိင်မယ့် အခွင့်အရေးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ သင်နဲ့ အတူ လက်တွဲရှိနေနိုင်ဖို့ မိမိတို့ မျှော်လင့်ထားပါတယ်။

Wouter Jurgens

နယ်သာလန် သံအမတ်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly