အသင်းကိုသတ်နေသူဟုဆိုကာ အာစင်ဝင်းဂါးကို အာဆင်နယ်ပရိသတ်များ ဆန္ဒပြ

အသင်းကိုသတ်နေသူဟုဆိုကာ အာစင်ဝင်းဂါးကို အာဆင်နယ်ပရိသတ်များ ဆန္ဒပြ

မတ် ၈၊ လန်ဒန်။           ။ အာဆင်နယ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကိုရှုံးသည့်ညတွင် အာဆင်နယ်ပရိသတ်များသည် အာစင်ဝင်းဂါးကိုအသင်းမှ ထွက်ခွာရန်တောင်းဆိုဆန္ဒပြခဲ့ကြပြီး အသင်းကိုသတ်နေသူဟုပင် စွပ်စွဲခဲ့ကြသည်။

အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းပေါ်မှ ခြေချော်ခဲ့ရမှု၊ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဘိုင်ယန်မြူးနစ်ကို ၅-၁ ဂိုးဖြင့် အရှက်တကွဲရှုံးခဲ့ရမှုတို့ကြောင့် နည်းပြဝင်းဂါးမှာ ပရိသတ်များ၏ မနှစ်မြို့ခံရမှုကို ပိုမိုကြံုတွေ့ခဲ့ရ သည်။

၁၉၉၆ ကတည်းက အာဆင်နယ်ကိုကိုင်တွယ်လာခဲ့သည့် ပြင်သစ်လူမျိုးနည်းပြက ၎င်းတည်ဆောက်ခဲ့သည့်အသင်းက ထွက်ခွာ ရန်ဖိအားပေးဖွယ်မရှိဟု တနင်္လာနေ့တွင် ပြောဆိုထားသည်။

သို့သော် ဘိုင်ယန်မြူးနစ်ကို အမ်းမရိတ်စ်တွင်လက်ခံကစားသည့် ဒုတိယအကျော့ပွဲတွင် အာဆင်နယ်ပရိသတ်အချို့သည် နည်းပြနှင့်သဘောထားမတိုက်ဆိုင်တော့ကြောင်းကို အတိအလင်းထုတ်ဖော်ခဲ့ကြသည်။

ကွင်းအပြင်ဘက်တွင် ပရိသတ် ၂၀၀ ခန့်စုရုန်းပြီး “အာစင်ဝင်းဂါး ကျွနု်ပ်တို့ခင်ဗျားကိုထွက်သွားစေချင်တယ်။ အာစင်ဝင်းဂါး ခင်ဗျားက ကျွနု်ပ်တို့အသင်းကိုသတ်နေတာ”ဟု သံပြိုင်အော်ဟစ်ခဲ့ကြသည်။

နွေရာသီတွင်စာချုပ်သက်တမ်းကုန်မည့်ဝင်းဂါးကို ထပ်မံစာချုပ်ချုပ်ဆိုခြင်းမပြုရန်လည်း အသင်းတာဝန်ရှိသူများကို ပရိသတ်များက စာတမ်းများကိုင်ဆောင်ကာ တောင်းဆိုခဲ့ကြသည်။

ပရိသတ်တစ်ဦးဆိုလျှင် ဝင်းဂါးကို “ခေါင်းမာတယ်၊ ဒိတ်အောက်နေပြီ၊ နလပိန်းတုံး”ဟုပင် တံဆိပ်ကပ်ခဲ့ပြီး အခြားပရိသတ် အများစုမှာ ၎င်းတို့၏ပွဲကြည့်လက်မှတ်များကို ပြန်လည်ရောင်းချခြင်းဖြင့် သပိတ်မှောက်ခဲ့ကြသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly