နိုင်ငံရေးပါတီတစ်ရပ် ထူထောင်မည့် ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း အပိုင်း (၁)

နိုင်ငံရေးပါတီတစ်ရပ် ထူထောင်မည့် ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း အပိုင်း (၁)

မင်္ဂလာပါ။ Mizzima ပရိသတ်များခင်ဗျာ။ ကျွန်တော် ဒီကနေ့ တွေ့ဆုံမေးမြန်းသွားမယ့်သူကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး ဖြစ်ပါတယ်ခင်ဗျ။ သူဟာ နိုင်ငံရေးပါတီတစ်ခု ထူထောင်ဖို့ ကြိုတင်ပြင်ဆင်နေတဲ့သူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်ခင်ဗျ။

မင်္ဂလာပါ ဦးကိုကိုကြီး။

ဟုတ်ကဲ့ မင်္ဂလာပါ။

မေး     -         ပထမဦးဆုံးမေးခွန်းကတော့ ပါတီတခုထူထောင်ဖို့ဆိုတာဟာ လိုအပ်ချက်အရ ဖြစ်လာတာလား၊ ဒါမှမဟုတ် ကြိုတင်စဉ်းစားပြီးတော့ နှစ်ရှည်လများစဉ်းစားခဲ့တဲ့ Plan လားခင်ဗျာ။

ဖြေ      -         ကျွန်တော်တို့ပြန်ပြောရင်တော့လွန်ခဲ့တဲ့ နှစ် ၃၀ ပေ့ါ။ ၁၉၈၇-၈၈ နိုင်ငံရေးထဲပါလာတဲ့အချိန်၊ နောက် ကျွန်တော်တို့ တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ပြီးလို့ ပါတီစုံဒီမိုကရေစီပွင့်လာတဲ့ အချိန်မှာကတည်းက ကျွန်တော်တို့ နိုင်ငံရေးပါတီတစ်ရပ်အဖြစ်နဲ့ ထူထောင်ဖို့ဆိုတဲ့ စဉ်းစားချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲ့ဒီအချိန်မှာ အားလုံးကျွန်တော်တို့ လူရင်းတွေအားလုံး ဆုံးဖြတ်ကြတာက ဒီမိုကရေစီအပြောင်းအလဲမှာ ပထမအဆင့်အနေနဲ့ကတော့ တို့က လက်ရှိရှိပြီးသား အားကောင်းပြီးသား နိုင်ငံရေးပါတီတွေ၊ လူထုထောက်ခံတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကိုပဲ၊ ကျွန်တော်တို့အဓိက ပံ့ပိုးကူညီသွားမယ် ဆိုပြီးတော့ ရပ်တည်ခဲ့တာပေ့ါ။ အခုကတော့ ကျွန်တော်တို့ နိုင်ငံရေးလောကထဲဖြတ်သန်းလာတာ အနှစ် ၃၀ လောက်ရှိပြီ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ၅၀ ကျော်တန်းတွေ ဖြစ်လာတဲ့အခါကြတော့ ကျွန်တော်တို့ရဲ့ ဖြတ်သန်းမှု အတွေ့အကြံုတွေ၊ ကျွန်တော်တို့ရဲ့ လေ့လာမှုဗဟုသုတတွေကို လက်တွေ့အကောင်အထည်ပေါ်အောင်လုပ်ဖို့ဆိုရင် နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ဆောင်ရွက်မှဖြစ်မယ်လို့ ဆုံးဖြတ်ပြီးတော့ ဒီပါတီတစ်ရပ်ပေါ် ပေါက်ရေး တွေ့ဆုံဆွေးနွေးပွဲကို ပထမအဆင့်ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့တာပါ။

မေး     -         ကျွန်တော်တို့က ပ့ံပိုးပေးခဲ့တယ်ဆိုတဲ့စကားကို ပြန်ကောက်ပြီးတော့ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဒီပါတီထူထောင်မယ့်ဆိုတဲ့ခါမှာ ဒီ NLD ပါတီကို အရင်တုန်းက ပံ့ပိုးပေးခဲ့တယ်၊ ပံ့ပိုးပေးတဲ့ နောက်ပိုင်းမှာ ဒီပါတီမှာဝင်ပြီးတော့ ကျွန်တော်တို့က နိုင်ငံရေးလုပ်လို့မရနိုင်တဲ့ အနေအထားလား၊ ဘယ်လိုဖြစ်လို့လဲ။

ဖြေ      -         တစ်ခုကတော့ ကျွန်တော်တို့က ဒီပါတီကို ပံ့ပိုးတယ်ဆိုတာထက်ကို ဒီမိုကရက်တိုင်ဇေးရှင်းပေါ့။ ဒီမိုကရေစီဖြစ်ပေါ်ပြောင်းလဲမှုကို ပံ့ပိုးဖို့အတွက် ဘယ်ဟာက အထိရောက်ဆုံးဖြစ်မလဲ ဆိုတဲ့စဉ်းစားချက်နဲ့ ပံ့ပိုးခဲ့တယ်။ အဲ့တော့ ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲမှာဆိုရင် ဒီမိုကရေစီအင်အားစုများကို ဝန်းရံသွားမယ်လို့ ကျွန်တော်တို့ဆုံးဖြတ်ချက် ကြေညာချက်ထုတ်ခဲ့တယ်။ ဒါ့ကြောင့်မို့လို့လည်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေကိုရော တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေ့ါ၊ အောင်နိုင်ရေးအတွက်ကို ကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲ့တော့အခုချိန်မှာကတော့ ကျွန်တော်တို့သက်တူရွယ်တူတွေရော၊ ကျွန်တော်တို့မျိုးဆက်အသီးသီးပေါ့။ အားလုံးကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်တဲ့ နိုင်ငံရေးပါတီတခုဖြစ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့ဆောင်ရွက်ခဲ့တာပါ။

မေး     -         အဲဒီတော့ ပါတီတစ်ခုတော့ မကြာခင်ဖြစ်လာမှာပေါ့နော်၊ ဒီအတိုက်အခံပါတီအဖြစ်အနေနဲ့ပဲ ရပ်တည်သွားမလား၊ ဘယ်လိုပုံစံမျိုးသွားမလဲ၊ ပါတီကြီး-၂ခုရှိတယ်ပေ့ါနော်၊ ပါတီကြီး-၂ ခုကြားထဲမှာ ဘယ်လိုမျိုးမူဝါဒတွေနဲ့ ဆက်သွားဖို့ရှိလဲ။

ဖြေ      -         ဒီနေရာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံရေးလောကထဲမှာ အသုံးများတဲ့စကားလုံးတွေပေ့ါ။ ဒီအ တိုက်အခံပါတီတို့၊ တတိယအင်အားစုတို့ဆိုတဲ့ အသုံးအနှုံးတွေက ဒါကျွန်တော့် ယုံကြည်လက်ခံထားတဲ့ အယူအဆအရ ပြောရမယ်ဆိုရင် လူထုကြားထဲမှာ နားလည်မှုလွဲနေတယ်လို့မြင်တယ်။ အတိုက်အခံပါတီဆိုတာ သူကအာဏာရတဲ့ပါတီအစိုးရကို အတိုက်အခံလုပ်မယ်ဆိုတဲ့ သဘောမျိုးကြီးပဲသက်ရောက်နေတယ်။ တစ်ကယ့်တကယ် ပါတီစုံဒီမိုကရေစီစနစ်မှာ ပါတီတစ်ခုဟာ သူရဲ့လမ်းစဉ်မူဝါဒ ယုံကြည်ချက်တွေနဲ့ ရပ်တည်တာ၊ အဲ့တော့သူ့လမ်းစဉ် သူ့ယုံကြည်ချက်နဲ့တူရင် မဟာမိတ်ဖွဲ့တာတွေရှိမယ်၊ မတူရင်သူက ထောက်ပြတာ၊ ဝေဖန်တာတွေရှိမယ်။ နောက်တစ်ခုက ကျွန်တော်တို့က ပါတီထူထောင်ခြင်းရဲ့ ရည်ရွယ်ချက်ကိုက တစ်ကယ့်တကယ် ကိုယ့်ရဲ့မဲဆန္ဒရှင်ပြည်သူတွေ အတွက်လို့ ဦးတည်ချက်ထားမယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမယ့်အရာတွေဆိုရင် ကျွန်တော်တို့က ထောက်ခံမယ်၊ ပူးပေါင်းဆောင်ရွက်သွားမယ်၊ တချို့ဟာတွေမှာ ကျွန်တော်တို့အယူအဆနဲ့ကွဲလွဲတယ်၊ ဒီလိုလုပ်ရင်ပိုကောင်းမယ်ထင်တယ်ဆိုတဲ့ အယူအဆမျိုးရှိချင်လည်း  ကျွန်တော်ထောက်ပြတာ အကြံပြုတာမျိုးလုပ်သွားမယ်။ ဆိုတော့ဒါက နိုင်ငံရေးပါတီတစ်ရပ်ရဲ့သဘာဝ လုပ်ရိုးလုပ်စဉ်ပဲ။ ဒါ့ကြောင့်အတိုက်အခံဆိုတဲ့စကားလုံးက အနုတ်လက္ခဏာဆောင်နေတယ်။ သူကအစိုးရကို ဆန့်ကျင်မယ့်သဘောမျိုးဆောင်နေတာ၊ တကယ်က ပါတီစုံနိုင်ငံရေးက အဲ့ဒီသဘာဝမဟုတ်ဘူး။ တကယ့်ကို လူထုအကျိုးစီးပွားအတွက် ဖြစ်သင့်ဖြစ်ထိုက်တာ၊ ပြောသင့်ပြောထိုက်တဲ့ဟာတွေကို ဝေဖန်တယ်၊ ထောက်ပြတယ်၊ အကြံဉာဏ်ပေးတယ်၊ ကောင်းတဲ့ဟာတွေမှာဆိုရင်လည်း ပူးပေါင်းဆောင်ရွက်တယ်၊ ထောက်ခံတယ်။ ဒီပုံစံမျိုးနဲ့ပဲ မူဝါဒကို အခြေခံပြီးတော့သွားသင့်တယ်။ ကျွန်တော်တို့အဲ့လိုသွားဖို့ ရည်ရွယ်ထားတယ်လို့ ကျွန်တော်တို့ပြောချင်ပါတယ်။

မေး     -         နိုင်ငံရေးပါတီတစ်ခု ထူထောင်ဖို့စဉ်းစားတဲ့အခါမှာ ကျွန်တော်တို့ ဒီအရင် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးအနေနဲ့ရော၊ ဒီပါတီမူဝါဒအနေနဲ့ ဘယ်လိုမျိုးစဉ်းစားထားတာရှိလဲ။

ဖြေ      -         ကျွန်တော်တို့က ၁၉၈၈၊ (၈) လေးလုံး အရေးတော်ပုံကြီးမှာ ကြွေးကျော်သံပေ့ါ။ ဒီမိုကရေစီရရှိရေး ဒို့အရေး ဆိုတာ ကြွေးကျော်သံအနေနဲ့က စကားလုံးလေးက နည်းနည်းလေးပဲ၊ ဒါပေမယ့် တကယ့်အနှစ်သာရက အင်မတန်ကျယ်ပြန့်တယ်။ ဒီမိုကရေစီရရှိရေးဆိုရင် ဒီမိုကရေစီဆိုတာက မဲဆန္ဒရှင်ပြည်သူများကသာလျှင် အထွဋ်အထိပ်ဖြစ်ရမယ်။ အဆုံးအဖြတ်ပေးရမယ်၊ သို့သော် Real Politic လို့ခေါ်တာပေ့ါနော်။ လက်တွေ့နိုင်ငံရေး၊ ပကတိနိုင်ငံရေးအရက နိုင်ငံရေးနယ်ပယ်ထဲမှာ စစ်တပ်က ပါဝင်ပတ်သတ်လာခဲ့တာ။ ဝင်ပတ်သတ်လာခဲ့တယ် ဆိုတာထက်ကို ဦးဆောင်လာခဲ့တာက ကျွန်တော်တို့ ရာစုနှစ်တစ်ဝက် နီးပါးလောက်ကို ဖြစ်ခဲ့တော့ အဲ့ဒီအခြေအနေကြီးက ချက်ခြင်းကြီးတော့ ဖြေရှင်းလို့မရနိုင်ဘူး။ သို့သော်တဖြေးဖြေးချင်းနဲ့ ကျွန်တော်တို့ရဲ့ အန္တိမရည်ရွယ်ချက်က ပြည်သူတွေကစိုးမိုးတဲ့ ပြည်သူတွေက ကိုယ်စားပြုပြီးအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဖြစ်အောင် ကြိုးစားတဲ့အခါမှာ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး ပုံမှန်ဖြစ်ဖို့ဆိုတာကို ကျွန်တော်တို့က အချိန်ကာလအပိုင်းအခြားအလိုက် ဒီအကန့်မှာ ဘယ်လောက်ရအောင် ကြိုးစားမလဲ၊ နောက်အကန့်မှာ ဘယ်လို ကြိုးစားမလဲဆိုတာမျိုးနဲ့ ဒီဟာကို Process တစ်ခုအဖြစ်ပေ့ါ။ ဖြစ်စဉ်တစ်ခုအဖြစ်နဲ့ ကျွန်တော်တို့ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။ အဲ့တော့ စစ်ဘက်၊အရပ်ဘက် ဆက်ဆံရေးကို ပြောတဲ့အခါမှာ စစ်တပ်က ဘာကြောင့်နိုင်ငံရေးထဲမှာ ပါလာသလဲလို့ပြောရင် ဒါ ၆၂ အာဏာသိမ်းကတည်းက အကြောင်းပြတာက နိုင်ငံတော်ကြီးပြိုကွဲတော့မယ်။ လုံခြံုရေးအန္တရာယ် ဖြစ်နေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးထဲကို ပါလာတယ်။ ကျွန်တော်တို့ကလည်း တကယ်လို့ နိုင်ငံတော်အတွက်ကို တကယ့်ကို လုံခြံုရေးပြသာနာဖြစ်လာပြီဆိုရင် စိုးရိမ်ပူပန်ရမယ့် ဖြေရှင်းရမယ့်သူက စစ်တပ်တစ်ခုပဲ မဟုတ်ဘူး။ နိုင်ငံသားအားလုံးနဲ့ဆိုင်တယ်၊ အဲ့လိုမျိုးနိုင်ငံသားအားလုံးက လုံခြံုရေးကိစ္စတွေမှာ ပါဝင်ဆွေးနွေး ဆုံးဖြတ်နိုင်တဲ့ အဆင့်ကို ကျွန်တော်တို့ကသွားရမှာ၊ တဖက်ကစစ်တပ်ကလည်း လုံခြံုရေးလို့ပြောရင် နိုင်ငံတော်လုံခြံုရေးဆိုတာက စစ်ရေးအမြင်ကဲနေတယ်။ တကယ်က ကျွန်တော်တို့က Human Security လို့ ခေါ်တဲ့ လူသားလုံခြံုရေးရှု့ထောင့်ကို စစ်တပ်ကပြောင်းလဲပြီးတော့ သူ့ဘက်ကလည်း မြင်အောင်၊ ပြင်ဆင်လာအောင် ကျွန်တော်တို့က ကြိုးစားရမယ်။ ဒီနေရာမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို သွားတဲ့အခါမှာ စစ်ဘက်၊အရပ်ဘက် ဆက်ဆံရေး ပုံမှန်အခြေအနေရောက်ဖို့ ဘာကြောင့် ပုံမှန်အခြေအနေ မဖြစ်သလဲဆိုရင် လုံခြံုရေးအကြောင်းပြချက်ကြောင့်၊ လုံခြံုရေးအကြောင်းပြချက်ဆိုတာနဲ့ ပြည်တွင်းစစ်ကို ဦးတည်သွားတယ်။ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်ဖို့ဆိုတာက စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးပုံမှန်ဖြစ်ဖို့နဲ့ တိုင်းရင်းသားတန်းတူညီမျှရေး၊ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးနဲ့ ဒါက (၃)ပွင့်ဆိုင် ပြဿနာ ဖြစ်နေတယ်လို့ ကျွန်တော်တို့က မြင်တယ်။ ဒါကြောင့် ဒါကိုဟန်ချက်ညီအောင် ကျွန်တော်တို့ ဆောင်ရွက်နိုင်မှ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးဟာလဲ ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်လို့ ကျွန်တော်တို့ကနားလည်ပါတယ်။

မေး     -         နိုင်ငံရေး၊ ငြိမ်းချမ်းရေးလို့ပြောလို့ရှိရင် တိုင်းရင်းသားရေး မေ့ထားလို့မရဘူးပေ့ါနော်။ နိုင်ငံရေးပါတီတခု ထူထောင်တဲ့အခါမှာ တိုင်းရင်းသားရေးကိုမေ့ထားသင့်တယ်လို့မထင်ပါဘူး။ တိုင်းရင်းသားရေးနဲ့ပတ်သက်ပြီးတော့ ဘာတွေများစဉ်းစားထားတာရှိပါသလဲ။

ဖြေ      -         နိုင်ငံရေးပါတီတစ်ရပ်ရဲ့ မူဝါဒအနေနဲ့ကတော့ ကျွန်တော်တို့ တရားဝင်ကြေညာပြီးတဲ့အခါမှပဲ ကျွန်တော်တို့ အသေးစိတ်ပြောလို့ရမယ်။ အဲ့တော့ ယေဘူယျ ကျွန်တော်တို့ပြောနိုင်တာတခုကတော့ တိုင်းရင်း သား အရေးပြဿနာဟာ ကျွန်တော်တို့အသက်ထက် ကြီးတယ်၊ နှစ်(၇၀)နီးပါးရှိတယ်။ ဒါကို တစ်ထိုင်တည်းနဲ့ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်ထားလို့ မရဘူး။ သို့သော် ဖြေရှင်းဖို့အဆင့်တိုင်းမှာ ပိုမိုကောင်းမွန်တဲ့ တိုးတက်တဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေ ဖြစ်ဖို့လိုတယ်။ နောက်ဆုံးကျွန်တော်တို့က ဒီရွေးကောက်ပွဲကာလကနေ နောက်ထပ်ရွေးကောက်ပွဲသက်တမ်းထဲကို သွားတဲ့အခါမှာ တက်လာတဲ့အစိုးရ၊ တာဝန်ယူမယ့်အစိုးရလက်ထဲကို အခုအခြေအနေထက် ပိုကောင်းတဲ့ရလဒ်တစ်ခု လွှဲပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရတယ်။ ကျွန်တော်တို့က လက်တွေ့ကျကျဖြေရှင်းတဲ့အခါမှာ လက်နက်ကိုင်ပဋိပက္ခဆိုပေမယ့် ဒါဟာ စစ်ရေးပြဿနာမဟုတ်ဘူး၊ နိုင်ငံရေးပြဿနာ၊ ဖွံ့ဖြိုးတိုးတက်ရေးပြဿနာ၊ နောက်တစ်ခါ သူတို့ တိုင်းရင်းသားတစ်ဦးစီရဲ့ အမှတ်အသားသရုပ်ပြဿနာ၊ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျွန်တော်တို့ ဖြေရှင်းနိုင်ဖို့အတွက်က စိတ်ရှည်လက်ရှည်နဲ့ ကြိုးစားရမယ်လို့ မြင်ပါတယ်။

မေး     -         နောက်တစ်ခုကျွန်တော်ထပ်မေးချင်တာက Public Policy လူတွေရဲ့ လူမှုဘဝတွေ ဖွံ့ဖြိုးဖို့။ ဥပမာ။ ဆိုကြပါစို့၊ လမ်းကိစ္စ၊ လျှပ်စစ်ကိစ္စ၊ အစရှိသည်အားဖြင့် ဘာတွေစဉ်းစားထားတာရှိပါသလဲ။

ဖြေ      -         နိုင်ငံရေးပါတီတစ်ခုအနေနဲ့ကတော့ သူရွေးကောက်ပွဲအနိုင်ရရင် အကြောင်းအရာတစ်ခုချင်းစီ၊ ကဏ္ဍတစ်ခုချင်းစီအလိုက် ဘာတွေလုပ်မယ်ဆိုတဲ့ မူဝါဒပိုင်းဆိုင်ရာစဉ်းစားချက်တွေ၊ နောက်တစ်ခါ မဲဆွယ်ကတိကဝတ်တွေလည်း ရှိပါတယ်။ တကယ်အကောင်အထည်ဖော်ခွင့်ရပြီး၊ လုပ်ပိုင်ခွင့်ရပြီဆိုတဲ့အခါကျတော့ အဲ့ဟာတွေကို ကိုယ့်ရဲ့ပေါ်လစီအကောင်အထည်ဖော်တော့မယ် အခါမှာ ကောင်းကျိုးဆိုးပြစ်ပေ့ါ၊ အဲ့ဒါတွေကို ပြည်သူတွေပါ ဝိုင်းဝန်းပြီးတော့ဆွေးနွေးနိုင်တဲ့ထိ ပေါ်လစီ Debate တွေပေါ့။  အဲ့ဒါမျိုးတွေကို တဖက်က ဖန်တီးပေးဖို့လိုတယ်၊ ဆိုလိုတာက သွယ်ဝိုက်ဒီမိုကရေစီပေ့ါ။ ကိုယ်စားပြုဒီမိုကရေစီအရကတော့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ ဆွေးနွေးကြတာရှိတယ်။ တချိန်တည်းမှာပဲ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များနဲ့ နောက်တခါ တကယ့်လက်တွေ့အကျိုးဆက်ကို ခံစားရမယ့်ပြည်သူတွေပါ ပါဝင်တဲ့ Policy Debate တွေပေ့ါ။ အဲ့ဒါတွေကိုလဲ ကျွန်တော်တို့က ဖန်တီးပေးဖို့ လိုတယ်။ အဲ့လိုကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီးတော့မှ အကြောင်းအရာတစ်ခုကို ကျွန်တော်တို့က ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို ဆုံးဖြတ်တာက ပိုပြီးပြည့်စုံတယ်။ နောက် မတူညီတဲ့အသံတွေ ရှု့ထောင့်တွေလဲ ပါဝင်ပြီးတော့ ကျွန်တော်တို့ စဉ်းစားဆုံးဖြတ်နိုင်တယ်လို့ မြင်ပါတယ်။

အပိုင်း (၂) ကို ဆက်လက်တင်ဆက်ပေးပါမည်။

Mizzima Weekly