ရှမ်းပြည်မြောက်ပိုင်း ကျေးသီး ၊ မိုင်းရှူးတွင် ရွေးကောက်ပွဲ ရွေ့ဆိုင်းမည်မဟုတ်

ရှမ်းပြည်မြောက်ပိုင်း ကျေးသီး ၊ မိုင်းရှူးတွင် ရွေးကောက်ပွဲ ရွေ့ဆိုင်းမည်မဟုတ်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန် ၊ မတ် ရ ။                ။ ရှမ်းပြည်မြောက်ပိုင်း ရှိ ကျေးသီးနှင့် မိုင်းရှူး မြို့နယ်များတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ရွေ့ဆိုင်းမည် မဟုတ်ဘဲ ယခင်အတိုင်းသာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက အတည်ပြုပြောဆိုသည်။

"အခုအချိန်အထိ မဲရုံတွေ ရွေ့ဖို့ အစီအစဉ်မရှိသေးပါဘူး။ ကျေးသီးနဲ့ မိုင်းရှူးမှာရှိတဲ့ မဲရုံအားလုံးမှာ မဲပေးဖို့ အဆင်ပြေပါတယ်" ဟု ဦးတင်ထွန်းက ပြောဆိုခဲ့သည်။

ယနေ့ မတ် လ ရ ရက်နေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်တွင်ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲ၌ ကျေးသီးနှင့်မိုင်းရှူးမြို့နယ်များရှိ မဲရုံများကို ပြောင်းရွေ့မည်ဆိုသည့် ကောလဟလများထွက်ပေါ်နေခြင်းကြောင့် ကော်မရှင်အနေဖြင့် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျေးသီးနှင့် မိုင်းရှူးမြို့နယ်များ၌ လုံခြံုရေးကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ခြင်းကြောင့် အဆိုပါ ကော်မတီများက အာမခံပေးနိုင်ပါက စီစဉ်ထားသည့်အတိုင်း ရွေးကောက်ပွဲ   ပြုလုပ်ပေးသွားမည်ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဆိုသည်။

"တိုင်းခရိုင်မြို့နယ်တွေမှာ လုံခြံုရေးအတွက် ကော်မတီတွေ ဖွဲ့ပြီးသားပါ။ အဲဒီလုံခြံုရေးကော်မတီတွေရဲ့ အတည်ပြုချက်အတိုင်းပဲ ဆက်ဆောင်ရွက်မှာပါ။ အဲဒီကော်မတီက လွတ်လွတ်လပ်လပ်နဲ့ မျှမျှတတ ဖြစ်နိုင်တယ်။ အာမခံရင် ရွေးကောက်ပွဲ ဆက်လုပ်မှာပါ" ဟု ၄င်းက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်များသည် ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် ရွေးကောက်ပွဲကျင်းပခွင့် မရရှိခဲ့ပေ။ သို့ပေမယ့် အဆိုပါမြို့နယ်များသည် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) စိုးမိုးလှုပ်ရှားရာ ဒေသအတွင်း၌ တည်ရှိနေပြီး အဆိုပါနေရာများ၌ မည်သည့်နိုင်ငံရေးပါတီမဆို လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ရှိသည်ဟု SSPP/SSA က ဖေဖော်ဝါရီ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly