UNFC အဆိုပြုချက် (၉)ချက် မူအားဖြင့် အစိုးရနှင့် သဘောတူညီမှုရ

UNFC အဆိုပြုချက် (၉)ချက် မူအားဖြင့် အစိုးရနှင့် သဘောတူညီမှုရ
ဓာတ်ပုံ- ဦးမင်းဇော်ဦးဖေစ်ဘုတ်

ရန်ကုန်၊ မတ် ၃။              ။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်အဖွဲ့အစည်းများ အဆိုပြုထားသည့် အချက်(၉) အချက်အပေါ် ဆွေးနွေးမှုများအပြီး   နှစ်ဘက်လက်ခံနိုင်သည့် အချက်(၉)ချက်ကို မူအားဖြင့် သဘောတူညီမှုရရှိခဲ့သည်။

"နောက်ဆုံးမှာ နှစ်ဘက်လက်ခံနိုင်တဲ့ အချက် (၉)ချက် အဲ့ဒါကို မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပါတယ်" ဟု နိုင်ငံတော်သမ္မတရုံး ယာယီညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက   ဆွေးနွေးပွဲအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောဆိုခဲ့သည်။

မတ်လ ၃ရက်က ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) ဘက်မှ နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

၎င်းသဘောတူညီမှုရရှိခဲ့သည့် အချက်(၉)ချက်ကို UNFC ဘက်သို့ ပြန်လည် တင်ပြပြီး အတည်ပြုချက် ရယူသွားရဦးမည်ဟု ယင်းသတင်းစာရှင်းလင်းပွဲတွင် DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောဆိုသွားသည်။

ထို့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ ပါဝင်နိုင်ရေးကို နှစ်ဘက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ အစည်းအဝေးသို့ ပါဝင်တက်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်ဟု ဦးဇော်ဌေးက ဆိုသည်။

UNFC ဘက်မှ အဆိုပြုထားသည့် အဆိုပြုချက်များတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်းကြေငြာခြင်းကို အစိုးရ၊တပ်မတော်မှ သဘောတူညီချက်ရရှိပြီးနောက် (၂၄) အတွင်ထုတ်ပြန်ပြီး UNFC အဖွဲ့ဝင်အဖွဲ့အစည်းများက (၄၈) အတွင်း အသီးသီးထုတ်ပြန်သွားရန်၊ ၂၁ရာစု ပင်လုံညီလာခံမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များအပေါ် အခြေခံပြီး ဖွဲ့စည်းပံုံ အခြေခံဥပဒေအပါအဝင် ဥပဒေတွေကို ပြင်ဆင်သွားရန်စသည့် တောင်းဆိုချက်များ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags