ရန်ကုန်-စစ်တွေ ခရီးသည်တင်ယာဉ် မီးလောင်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံး

ရန်ကုန်-စစ်တွေ ခရီးသည်တင်ယာဉ် မီးလောင်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံး
ဓာတ်ပုံ- MOI

မတ် ၂  ။             ။ ရခိုင်ပြည်နယ် အမ်း- စစ်တွေကားလမ်းတွင် ယနေ့ မတ်လ ၂ ရက်က ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်ခဲ့ပြီး လူ တစ်ဦး သေဆုံးခဲ့သည်ဟု ပြန်ကြားရေးမှ ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ၊ ကဇုကိုင်းကျေးရွာအုပ်စု ၊ အုန်းတည်ချောင်းကျေးရွာ အနီး၊ အမ်း - စစ်တွေကားလမ်း ၊ မိုင်တိုင်အမှတ် (၂၅/ဝ)မိုင်၊ ခမမပည (ES-879982)နေရာတွင် ရန်ကုန် မှ စစ်တွေ သို့ ယာဉ်မောင်း ဦးကောင်းဆက်နိုင် ( နေရပ်စုံစမ်းဆဲ) ၊ မောင်းနှင်လာသော (အောင်ပြည်စုံ) ခရီးသည်တင်ယာဉ် ၊ယာဉ် အမှတ် 4A/ 6971 သည် မတ် လ ၂ ရက် ၊ နံနက် ၆ နာရီ ၂၀ မိနစ် အချိန် က ဝါယာကြိုး ရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ယာဉ်ပေါ်ပါ ခရီးသည် ကျား (၁၃)ဦး ၊ မ ( ၅ )ဦး ၊ ပေါင်း ( ၁၈ ) ဦး အနက်မှ ယာဉ်ပေါ် မှ ဆင်းပြေးစဉ် ကျား ( ၃) ဦး ၊ မ ( ၁)ဦး မှာ မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး မအေးအေးသန်း ( ဘ ) ဦးသိန်းမောင်၊ ဒါးပိတ်ကျေးရွာ၊ ပုဏ္ဏားကျွန်း မြို့နယ် နေသူမှာ ယာဉ်ပေါ် ပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မီးလောင်ကျွမ်းမှုအား မီးသတ်ယာဉ် (၁ ) စီးဖြင့် ငြိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၁၅မိနစ် အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ၊မီးလောင်ဒဏ်ရာ ရရှိသူများ အား ကဇုကိုင်း ကျေးလက် ကျန်းမာရေးဌာနတွင် ဆေးကုသပေးလျက်ရှိကြောင်းနှင့် ထွက်ပြေး တိမ်းရှောင်နေသူ ယာဉ်မောင်း ကောင်းဆက်နိုင်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly