ချေးငွေပေးသွင်းရမည့်နေ့ကို ဆိုင်းငံ့ခိုင်းခြင်းထက် အစိုးရအား စပါးဝယ်ယူရန်တိုက်တွန်းသင့်ကြောင်း စိုက်ပျိုးရေးဘဏ်မန်နေဂျာပြော

ချေးငွေပေးသွင်းရမည့်နေ့ကို ဆိုင်းငံ့ခိုင်းခြင်းထက် အစိုးရအား စပါးဝယ်ယူရန်တိုက်တွန်းသင့်ကြောင်း စိုက်ပျိုးရေးဘဏ်မန်နေဂျာပြော
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ မတ်လ ၁ ရက်။           ။ ရခိုင်ပြည်နယ်အတွင်း စပါးဈေးကျဆင်းပြီး ဝယ်ယူသူမရှိသည့် အတွက် စပါးများအရောင်းမထွက်ဘဲရှိနေရာ တောင်သူများလက်သို့ ငွေမရောက်နိုင်ဖြစ်နေသဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ပေးသွင်းရမည့်နေ့ကို ဆိုင်းငံပေးရန် တောင်းဆိုခြင်းထက် ပြည်နယ်အစိုးရအား စပါးဝယ်ယူရန် တိုက်တွန်းသင့်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဘဏ်မန်နေဂျာ ဦးအေးသိန်းကပြောသည်။

ယခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း စပါးဈေးအလွန်ကျဆင်းနေပြီး အရောင်းအဝယ်မလိုက် ဖြစ်နေသည့်အချိန်တွင် တောင်သူများ ချေးယူထားသည့် စိုက်ပျိုးစရိတ်များကို ယခု မတ်လအတွင်း အပြီးသတ်ပေးသွင်းကြရမည်ဖြစ်ရာ ရိတ်သိမ်းထားသော စပါးများအား မရောင်းချနိုင်သေးသည့်အ တွက် ချေးငွေပေးသွင်းရမည့် အချိန်ကာလအား ဆိုင်းငံ့ပေးရန်   မြောက်ဦးမြို့တွင်   တောင်သူများစုပေါင်းပြီး ဆန္ဒပြတောင်းဆိုမှုတစ်ခုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။

“တကယ်တမ်းတော့ တောင်သူတွေအနေနဲ့ တိုက်တွန်းရမှာက အစိုးရကိုပါ။ ကျွန်တော်တို့ဌာနတွေ အနေနဲ့ သူတို့ တောင်းဆိုတာကို လုပ်ပေးနိုင်ခြင်းမရှိဘူး။ အဲဒီငွေတွေကို အစိုးရနဲ့ စီးပွားရေးဘဏ်ကပဲ ချေးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးဘဏ်အနေနဲ့ ဆိုင်ငံ့ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်မရှိပါဘူး”ဟု ဦးအေးသိန်းက ပြောသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းမှ တောင်သူများမှာ အခက်အခဲနှင့်ရင်ဆိုင်နေကြရပြီး ချေးငွေကိစ္စအပြင် မိသားစုစားဝတ်နေရေး ကိစ္စရပ်များကိုပါ ဖြေရှင်ရန်အခက်အခဲရှိလာသည့် အနေအထားမျိုးနှင့် ကြုံတွေ့နေကြရကာ လက်ရှိစပါးများအား မရောင်းချနိုင်ပါက ပေးဆပ်နိုင်မည်မဟုတ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ယခင်နှစ်များက စပါးဈေးများမှာ အတက်အကျအနေအထား ရှိခဲ့သော်လည်း ယခုနှစ်တွင် ဈေးကောင်းမရရှိသည့်အပြင် အဝယ်မ လိုက်ဘဲ ဈေးကွက်တစ်ခုလုံး ရပ်ဆိုင်းနေခြင်းဖြစ်ကြောင်းသိရသည်။

“စပါးဈေးကျတဲ့အတွက် လယ်သမားတွေ စိုက်/ဘဏ်ကို ငွေပြန်ဆပ်ဖို့ အခက်အခဲဖြစ်နေတဲ့ အခြေအနေကို စိုက် /ဘဏ်ဘက်က စာနာပေးပါ ဆိုတာထက် ဒီလိုမျိုးအခက်အခဲဖြစ်နေပြီ ဆိုရင် သူတို့ရဲ့အသံတွေကို သက်ဆိုင်ရာ ဒေသမှာရှိတဲ့ ကိုယ်စားလှယ်တွေကနေတစ်ဆင့် ပြည်ထောင်စုလွှတ်တော်မှာ အဆိုတစ်ခုအနေနဲ့ တင်သွင်းပြီး ပွင့်လင်းမြင်သာမှု ရှိလာအောင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စိုက်ဘဏ်ကို မဆပ်နိုင်တာတစ်ခုတည်းနဲ့ အောက်ခြေမှာ အဖြေမထွက်နိုင်ပါဘူး’’ဟု စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဦးအေးသိန်းက ဆက်လက်ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနှင့်လည်း ဆိုင်းငံ့ပေးရန်မဖြစ်နိုင်ကြောင်း တောင်သူများ အနေဖြင့်လည်း ယခုနှစ်တွင် ပြန်မဆပ်နိုင်လျှင် လာမည့်နှစ်တွင် ကျန်ရှိနေသည့်အကြွေးငွေများ   မြင့်တက်လာမည်ဖြစ်ပြီး ပိုမို၍ အခက်အခဲဖြစ်လာနိုင်သောကြောင့် အစိုးရကိုသာ အကူအညီတောင်းပြီး လုပ်ဆောင်သင့်ကြောင်း သူက ထောက်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly