အော်စကာ ဆုပေးပွဲတွင် "La La Land" ကို ကျော်ပြီး "Moonlight" က အကောင်းဆုံး ဇာတ်ကား ဆုရ

အော်စကာ ဆုပေးပွဲတွင် "La La Land" ကို ကျော်ပြီး "Moonlight" က အကောင်းဆုံး ဇာတ်ကား ဆုရ

ဖေဖော်ဝါရီ ၂၇ ။                ။ ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့သော အော်စကာဆုပေးပွဲအခမ်းအနားတွင် အများထင်ကြေးအပေးခံရဆုံး "La La Land" ဇာတ်ကားကို ကျော်ဖြတ်ပြီး "Moonlight" က အကောင်းဆုံး ဇာတ်ကားဆုကို ရရှိသွားသည်။

သို့သော် ယင်းအကောင်းဆုံး ဇာတ်ကားဆု ကြေညာချိန်တွင် ကမောက်ကမ ဖြစ်မှုများ ရှိခဲ့ပြီး မူလပထမက ဆုကြေညာသူက "La La Land" ဟု မှားယွင်းကြေညာခဲ့ပြီး စာအိတ်မှားဖောက်ဖတ်မိသည်ကို သိရှိပြီးမှ "Moonlight" ဇာတ်ကားကို အကောင်းဆုံးဇာတ်ကားဆုအဖြစ် ကြေညာနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းအော်စကာ ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို အမ်မာ စတုန်း  က "La La Land" ဖြင့်လည်းကောင်း၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ကေစီအက်ဖလက်က "Manchester by the Sea" ဖြင့်လည်းကောင်း အသီးသီး ရရှိသွားခဲ့သည်။

အလားတူ "La La Land" ရိုက်ကူးသူ ဒေမီအန် ချက်ဇယ်လီက အကောင်းဆုံး ဒါရိုက်တာဆုရရှိသော အသက်အငယ်ဆုံး ဒါရိုက်တာ ဖြစ်လာခဲ့သည်။

အလားတူ ဗီယိုလာ ဒေးဗစ်က အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု နှင့် မဟာရှာလာ အလီက အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုတို့ကို အသီးသီး ရရှိသွားခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags