ဦးကိုနီ လုပ်ကြံခံရမှု “လူငယ်ပီပီ ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်” ကြောင့်ဟု ရဲချုပ်ပြော

ဦးကိုနီ လုပ်ကြံခံရမှု “လူငယ်ပီပီ ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်” ကြောင့်ဟု ရဲချုပ်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅ ။        ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ရန်ကုန် လေဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းမှာ လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် လုပ်ကြံခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် ဇော်ဝင်းက ပြောသည်။

ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့် အမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေများကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီ၊ ရန်ကုန်မြို့ မူးယစ်ဆေးဝါး ပြတိုက်တွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြုလုပ်သည့်  သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိသူတို့ သုံးဦးနဲ့ တွေ့ဆုံဆွေးနွေးချက်တွေ ဒီအပေါ်မှုတည်ပြီးတော့မှ သူတို့ရဲ့ လှုပ်ရှားမှုတွေ ပြောဆိုမှုတွေကို မှုတည်ပြီးတော့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေ စပြီးတော့ တွေ့လာရတယ်။ သို့သော်လည်းပဲ ဒီအမှုမှာ အဓိက နေရာမှာ ပါနေတဲ့ အောင်ဝင်းခိုင်က ကျွန်တော်တို့က မရသေးဘူး။ မရသေးတော့ လတ်တလောတွေ့ရှိချက်အရ ပေါ်ပေါက်နေတာကတော့ သူရဲ့ ပြုမှုဆောင်ရွက်ချက်၊ အသွားအလာ၊ အနေအထိုင်၊ အပြောအဆိုတွေ အပေါ်မှုတည်ပြီးတော့မှ လူငယ်ပီပီ ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်လေးတွေနဲ့ ဖြစ်တယ်ဆိုတဲ့ အစလေးကိုတော့ ရနေပြီပေါ့”ဟု ရဲချုပ်ဇော်ဝင်းက ပြောသည်။

လက်ရှိတွင် ဦးကိုနီလုပ်ကြံမှုနှင့် ပတ်သက်၍ လုပ်ကြံသူ ကြည်လင်းနှင့် ပါဝင်ပတ်သက်သူ ဇေယျာဖြိုး၊ အောင်ဝင်းဇော်တို့ အပြင် လုပ်ကြံသတ်ဖြတ်ရန် ညှိနှိုင်းခံခဲ့ရဖူးသည့် နဂါးလေး (ခေါ်) အောင်နိုင်မြင့်တို့ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည်။

လုပ်ကြံမှုတွင် အဓိက ပါဝင်ပတ်သက်သည့် အောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်ရန်အတွက်လည်း အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ဖမ်းဆီးရမိထားသည့်သူများကို ရာဇသတ်ကြီး ဥပဒေပုဒ်မ၊ လက်နက် ပုဒ်မ ၊ လဝက ဥပဒေများဖြင့် မကြာမီ စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ စဉ်းစားတဲ့ အခါမှာ အမျိုးမျိုးစဉ်းစားရပါတယ်။ ဘာကြောင့် တပ်မတော်ကထွက်တဲ့ အရာရှိကို ခိုင်းသွားရတာလဲ။ တပ်မတော်နဲ့ အစိုးရ သံတမန်ကွဲစေချင်တဲ့ ဆန္ဒလား။ နောက်ကွယ်မှာ ရှိခဲ့သော်ကို ပြောတာ။ ထိုနည်းမဟုတ် ရွေးကောက်ပွဲမတိုင်ခင်က ဦးကိုနီ ဘာတွေပြောခဲ့သလဲ။ အဲ့ဒီ ပြောခဲ့အတိုင်းကို ရွေးကောက်ပွဲပြီးတဲ့ အချိန်မှာ LND က အာဏာရသွားတယ်။ အဲ့ဒီအချိန်မှာ ဦးကိုနီက သူလုပ်ရမယ့်အတိုင်းအတာလုပ်နိုင်လား။ မလုပ်နိုင်တဲ့အတွက် သူရဲ့နောက်ကွယ်က အသိုင်းအဝိုင်းတွေက လုပ်ကြံတာလားဆိုတာကိုလဲ အကိုတို့ စဉ်းစားရပါတယ်။ ဖြစ်နိုင်တာတွေကို အမျိုးမျိုးချိန်ဆနေရပါတယ်။ သို့သော်လည်းပဲ တကယ်တိုင်း စီစစ်တဲ့ အခါမှာတော့ အမျိုးချစ်တဲ့စိတ် အစွန်းရောက်သွားတာပေါ့၊ အစွန်းရောက်တဲ့ မျိုးချစ်စိတ်ကနေ ကိန်းအောင်းသွားချိန်မှာ လုပ်ကြံလိုက်တယ်လို့ ဒါကို အကိုတို့ ဖော်ထုတ်နေတာပါ”ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီးကျော်ဆွေ ကပြောသည်။

ဦးကိုနီသည် ပြန်ကြားရေးဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပ သည့် Senior Leadership Program လေ့လာရေးခရီးစဉ်သို့သွားရောက်ခဲ့ပြီးအပြန် ဇန်နဝါရီ ၂၉ ရက် ညနေ ပိုင်းတွင် ရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly