ရာနီရေးရီနေရာတွင် အစားထိုးခန့်အပ်ခံရမည့် နည်းပြငါးဦးရှိနေ

ရာနီရေးရီနေရာတွင် အစားထိုးခန့်အပ်ခံရမည့် နည်းပြငါးဦးရှိနေ

ဖေဖော်ဝါရီ ၂၄၊ လက်စတာ။           ။ ပရီးမီးယားလိဂ်ဖလားရယူပေးပြီး ကိုးလအကြာတွင် ရာထူးမှထုတ်ပယ်ခံလိုက်ရသည့် လက်စတာနည်းပြရာနီရေးရီနေရာတွင် အစားထိုးတာဝန်ယူဖွယ်ရှိသည့် နည်းပြငါးဦးရှိနေကြောင်း မယ်ရာသတင်းတွင် ဖော်ပြထားသည်။

လက်စတာအသင်းသည် ချန်ပီယံလိဂ်-၁၆ သင်းအဆင့်ပထမအကျော့တွင် ဆီဗီလာကို ၂-၁ ဂိုးဖြင့်သာရှုံးသဖြင့် ဒုတိယအကျော့ တွင် ၁-၀ ဂိုးဖြင့်အနိုင်ရရုံဖြင့် ကွာတားတက်နိုင်သည့် အခွင့်အရေးရှိနေသော်လည်း ပရီးမီးယားလိဂ်တွင်မူ တန်းဆင်းဇုန်အထက် တစ်မှတ်အကွာဖြင့်သာရပ်တည်နေသည်။

ရာထူးမှထုတ်ပယ်ခံရသည့် ရာနီရေးရီနေရာတွင် ဂုစ်ဟစ်ဒင့်၊ ရော်ဘတ်တိုမန်ချီနီ၊ နီဂျယ်ပီယာဆင်၊ အလန်ပါဂျူး၊ ဂယ်ရီရိုဝက် တို့မှာ ဖြစ်နိုင်ဖွယ်ရှိသူများဟု မယ်ရာကဖော်ပြထားသည်။

ဗလင်စီယာ၊ ရီးရဲလ်မက်ဒရစ်၊ ချယ်လ်ဆီးတို့ကိုကိုင်တွယ်ခဲ့ဖူးသည့် အသက် ၇၀ နှစ်အရွယ် ဟစ်ဒင့်သည် ပြီးခဲ့သည့်ရာသီကုန် တွင် ချယ်လ်ဆီးမှ ထွက်ခွာပြီးနောက်ပိုင်း ဘောလုံးလောကနှင့် ကင်းကွာနေသူဖြစ်သည်။

လောင်းကစားကုမ္ပဏီများ၏ အလေးပေးမှုမြင့်မားနေသည့် လက်စတာကစားသမားဟောင်း ရော်ဘတ်တိုမန်ချီနီမှာလည်း ပရီးမီးယားလိဂ်သို့ပြန်ရောက်လာဖွယ်ရှိနေသည်။ အသက် ၅၂ နှစ်ရှိ မန်ချီနီသည် မန်စီးတီး၊ အင်တာမီလန်တို့ကို ကိုင်တွယ်ဖူးသည်။

နီဂျယ်ပီယာဆင်မှာ လက်စတာနည်းပြအဖြစ်နှစ်ကြိမ်တာဝန်ယူဖူးပြီး ရာနီရေးရီမတိုင်မီ လေးနှစ်ကြာတာဝန်ယူခဲ့သည်။ အသက် ၅၅ နှစ်အရွယ်ရှိ အလန်ပါဂျူးမှာ ကာလရှည်အတွက်ထက် ကာလတိုအတွက်ပိုမိုအသုံးဝင်နိုင်မည်ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ဒီဇင်ဘာကမှ ခရစ္စတယ်ပဲလေ့စ်နည်းပြအဖြစ်မှ ထုတ်ပယ်ခံထားရသည်။

ပြီးခဲ့သည့်ရာသီက ဘာမင်ဂမ်နည်းပြအဖြစ်မှထုတ်ခံရသည့် ဂယ်ရီရိုဝက်သည် ဒီဇင်ဘာလလယ်ကတည်းက အလုပ်လက်မဲ့ ဖြစ်နေသည်။ ဘာမင်ဂမ်တွင်စွမ်းဆောင်ရည်ကောင်းခဲ့သော်လည်း ဇိုလာနှင့် အစားထိုးခံရသူဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly