ထိုင်ဝမ်တွင် ကြက်ငှက်တုပ်ကွေး ပျံ့နှံ့နေ၍ လူတို့မကူးစက်ရန် ကာကွယ်ရေးများ လုပ်ဆောင်

ထိုင်ဝမ်တွင် ကြက်ငှက်တုပ်ကွေး ပျံ့နှံ့နေ၍ လူတို့မကူးစက်ရန် ကာကွယ်ရေးများ လုပ်ဆောင်

တိုင်ပေ၊ ဖေဖော်ဝါရီ ၂၃ ။         ။ ထိုင်ဝမ်မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးကို အမျိုးမျိုးသော လုပ်ငန်းစဉ်တွေနဲ့ လူများထံ မကူးစက်ရေးအတွက် ကာကွယ်မှုတွေ လုပ်ဆောင်နေလျက် ရှိပါတယ်။

ရွှေ့ပြောင်းငှက်တွေကတစ်ဆင့် ကူးစက်ပျံ့နှံ့တာဖြစ်နိုင်တဲ့ ဟွာလီအန်စီရင်စုမှာ ဖေဖော်ဝါရီ ၂ ရက်က ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု ပထမဆုံးတွေ့ရှိချိန်ကစပြီး ကြက်ငှက်တုပ်ကွေးရောဂါပိုးတွေဖြစ်တဲ့ H5N2၊ H5N6 နဲ့ H5N8 ရောဂါပိုးက ထိုင်ဝမ်အတွင်း မြို့နဲ့စီရင်စု ခြောက်ခုမှာ ကူးစက်ပျံ့နှံ့နေတာဖြစ်ပါတယ်။ မွေးမြူရေးခြံ ၂၉ ခြံမှာ ကြက်ဘဲကောင်ရေ ၂၁၀၀၀၀ သေဆုံးခဲ့ပြီဖြစ်ကြောင်း EPA သတင်းထောက်က ဖေဖော်ဝါရီ ၂၂ ရက်မှာ သတင်းပေးပို့ပါတယ်။

ပြီးခဲ့တဲ့လအတွင်းက တရုတ်က ပြန်လည်ရောက်ရှိလာတဲ့ အသက် ၆၉ အရွယ် ထိုင်ဝမ်အမျိုးသားတစ်ဦးမှာ H7N9 ငှက်တုပ်ကွေး ဖြစ်ပွားတာကို တွေ့ရှိခဲ့ပါတယ်။ ခုပိုးကတော့ သန္ဓေပြောင်းနိုင်ကာ   ဆေးဝါးကို ခုခံနိုင်စွမ်းကြောင်း ရောဂါထိန်းချုပ်ရေးဌာနက ဆိုပါတယ်။

H7N9 သန္ဓေပြောင်းငှက်တုပ်ကွေးဟာ ကျေးငှက်တွေမှာ အလွယ်တကူ ဖြစ်ပွားပေါ်ပေါက်နိုင်ပေမယ့် ငှက်ကတစ်ဆင့် လူတို့ကူးစက်ခြင်းနဲ့ လူလူချင်း ကူးစက်ခြင်း လက္ခဏာတွေတော့ မတွေ့ရှိရဘူးလို့ ဆိုပါတယ်။

“ခုပိုးကတော့ ကျေးငှက်တွေကို ပိုမိုသေကျေစေနိုင်တယ်။ ဒါကြောင့် တရုတ်နိုင်ငံအတွက် ကာကွယ်တားဆီးရေးတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”ဟု ရောဂါထိန်းချုပ်ရေးဌာနမှ လက်ထောက်ညွန်ကြားရေးမှူးချုပ် ဖိလစ်လိုက ပြောပါတယ်။

ထိုင်ဝမ်မှာလည်း စိုက်ပျိုးရေးကောင်စီက ဖေဖော်ဝါရီ ၁၇ ရက်မှာ အသားပေါ်ပြီးသား ကြက်ဘဲတွေ သယ်ယူကုန်ကူူးတာကို တားမြစ်ပိတ်ပင်မိန့် ထုတ်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly