ကင်ဂျုံးနမ်အလောင်းပြန်ပေးရေး အခြေအအတင်ဖြစ်နေချိန် မြောက်ကိုရီးယားတစ်ဦးအား မလေးရှားတွင် ဖမ်းဆီး

ကင်ဂျုံးနမ်အလောင်းပြန်ပေးရေး အခြေအအတင်ဖြစ်နေချိန် မြောက်ကိုရီးယားတစ်ဦးအား မလေးရှားတွင် ဖမ်းဆီး

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈ ။             ။ ကင်ဂျုံးနမ်အလောင်း ပေးအပ်ရေးအတွက် မြောက်ကိုရီးယားနဲ့ မလေးရှားနိုင်ငံအကြား ဆက်ဆံရေး အခြေအတင်ဖြစ်နေချိန်မှာ ၎င်းလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး မလေးရှားရဲတပ်ဖွဲ့က ပထမဆုံးအဖြစ် မြောက်ကိုရီးယားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက အသက် ၄၆ နှစ်ရှိတဲ့ မြောက်ကိုရီးယားနိုင်ငံသားလက်မှတ်ကိုင်ဆောင်သူ ရီဂျုံးချောင်ကို ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကင်ဂျုံးနမ်အမှုမှာ ပထမဆုံးမြောက်ကိုရီးယားတစ်ဦးကို ဖမ်းဆီးလိုက်ခြင်းလည်းဖြစ်ပါတယ်။

မလေးရှားရဲတပ်ဖွဲ့အနေနဲ့ ကင်ဂျုံးနမ် ကွာလာလမ်ပူလေဆိပ်မှာ လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး ဗီယက်နမ်ပတ်စ်ပို့ကိုင်ဆောင်သူ အမျိုးသမီးတစ်ဦးနဲ့ မလေးရှားအမျိုးသားတစ်ဦးတို့နဲ့အတူ အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထားပါတယ်။ အင်ဒိုနီးရှားအမျိုးသမီးအနေနဲ့ ၎င်းက လုပ်ကြံမှုကို မသိဘဲ တီဗီဟာသအစီအစဉ်တစ်ခုအတွက် ဆိုကာ ငွေပေးခိုင်းစေ၍ ဝင်ရောက် လုပ်ကိုင်ပေးမိတာလို့ ထွက်ဆိုထားတယ်ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်အေးခေတ်ပုံစံသတ်ဖြတ်မှုနဲ့ လုပ်ကြံခံရချိန်ကစပြီး ကင်ဂျုံးနမ်အလောင်းကို ကွာလာလမ်ပူရင်ခွဲရုံမှာ ထားရှိထားတာပါ။

မြောက်ကိုရီးယားနိုင်ငံက မလေးရှားဟာ သူ့ရန်သူတွေနဲ့ ပူးပေါင်းကြံစည်တယ် စွပ်စွဲပြီး မလေးရှားရဲတပ်ဖွဲ့ ဆောင်ရွက်နေတဲ့ အလောင်းစစ်ဆေးမှု ရလဒ်မှန်သမျှကို ငြင်းပယ်ပစ်မှာဖြစ်ကြောင်း   ပြောထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly