ကင်မ်ဂျံုအန်း၏ အကို လုပ်ကြံခံရမှု ရက်စက်ကြမ်းကြုတ်လှသည့် ဖြစ်စဉ်ဟု တောင်ကိုရီးယား ပြစ်တင်ရှုတ်ချ

ကင်မ်ဂျံုအန်း၏ အကို လုပ်ကြံခံရမှု ရက်စက်ကြမ်းကြုတ်လှသည့် ဖြစ်စဉ်ဟု တောင်ကိုရီးယား ပြစ်တင်ရှုတ်ချ

ဖေဖော်ဝါရီ ၁၅ ။          ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ဝမ်းကွဲအကိုဖြစ်သူ မလေးရှား၌ လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့်ဖြစ်စဉ်တွင် ကျူးလွန်သူမှာ ရက်စက်ကြမ်းကြုတ်လှပြီး လူမဆန်သည့် လုပ်ရပ်တစ်ခုကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ဖော်ပြစ်တင်သွားခဲ့သည်။

ကင်မ်ဂျုံအန်း၏ ဖအေတူ မအေကွဲ အကိုဖြစ်သူ ကင်မ်ဂျုံနမ် မလေးရှားနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဆိုးလ် အစိုးရက အတည်ပြုပေးသွားခဲ့သည်။

 ၎င်းမှာ အဆိပ်ခတ် ခံလိုက်ရသည့် သက်သေအထောက်အထားများ ရှိခဲ့ကြောင်း တောင်ကိုရီးယားဘက်က ပြောဆိုလိုက်သည်။

အလားတူ တောင်ကိုရီးယား သတင်းချန်နယ်တစ်ခုဖြစ်သော TV Chosun ကလည်း မလေးရှားလေဆိပ်သို့ ကင်မ်ဂျုံနမ် ရောက်ရှိလာစဉ် အမျိုးသမီးနှစ်ဦးက အဆိပ်သုတ်ထားသည့် အပ်များဖြင့် ၎င်းအား ထိုးကာ တက္ကစီဖြင့် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ယခုအခါ ယင်းအမျိုးသမီးများကို မလေးရှား ရဲတပ်ဖွဲ့က ရှာဖွေနေလျက်ရှိကြောင်း ထုတ်လွှင့်သွားသည်။

ယင်းနောက် ကင်မ်ဂျုံနမ်အား ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

တရုတ်တို့၏ ထောက်ခံမှုဖြင့် တစ်ချိန်က မြောက်ကိုရီးယားခေါင်းဆောင်နေရာဆက်ခံမည့်သူအဖြစ် လျာထားခံရဖူးသည်ဟု ဆိုသော ယခု ကင်မ် ဂျုံနမ် လုပ်ကြံခံရမှု နောက်ကွယ်တွင် လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအန်း တိုက်ရိုက်ပတ်သက်နေကြောင်းလည်း မြောက်ကိုရီးယား ရေးရာ နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ပြောကြားနေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly