မြန်မာ့ မြန်မာ့ ရုပ်ရှင်

မြန်မာ့ မြန်မာ့ ရုပ်ရှင်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

တစ်ခါက ရွာတစ်ရွာမှာ ရွာလယ်လမ်းဖောက်လုပ်ရေးအတွက် သူကြီးက အစည်းအဝေးခေါ်သတဲ့၊ လူစုံပြီဆိုတာနဲ့ သူကြီးက ရွာလယ်လမ်းဖောက်ဖို့ အစည်းအဝေးခေါ်တာဖြစ်တဲ့ အကြောင်း တက်ရောက်လာသူတွေကို ရှင်းပြတယ်။ ဒီမှာတင် ရွာသားတစ်ယောက်က ''ကျနော်ကန့်ကွက်တယ်၊ ကန့်ကွက်တယ်ဆိုပြီ ထပြောသတဲ့၊  သူကြီးက ဟဲ့အကောင် ဒီမှာဖြင့် ဘာမှမပြောရသေးဘူး။ ဘာကိုကန့်ကွက်တာလဲ'' လို့ ပြန်မေးတော့ ''ဘာပြောပြော ကန့်ကွက်မှာ၊ ဘာလုပ်လုပ် ကန့်ကွက်မှာ၊ ကန့်ကွက်ဖို့ပဲ လာခဲ့တာတဲ့၊'' ကောင်းကြရောပေါ့၊ ဘာလာလာကန့်ကွက်မှာပဲတဲ့၊ ဒါက ရယ်စရာပေါ့ခင်ဗျာ။

ကဲ, အခု မောင်မှန် စကားရပ်တစ်ခု ချရေးမယ်၊ ကန့်ကွက်မှာပဲတဲ့၊ ဒါက ရယ်စရာပေါ့ခင်ဗျာ၊ မောင်မှန်ကလည်း ကိုယ်နဲ့ဆိုင်တယ်ထင်လို့ ကိုယ်ရေးမှာ၊ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)၊ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)၊ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)၊ အခုလိုသုံးခါတိတိကို ရေးပစ်လိုက်ပါပြီ ၊ ၆၆(ဃ) တို့ဘာတို့နဲ့တော့ မငြိစွန်းလောက်ပါဘူးနော်။

ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော ဆိုသလိုပဲ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ဆိုတဲ့ စကားရပ်ကို သုံးစွဲခြင်း မပြုဖို့ဆိုပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက Laurel Art Academy အနုပညာသင်တန်းကျောင်းကို တားမြစ်ပါသတဲ့ခင်ဗျာ၊ ဖြစ်စဉ်အပြည့်အစုံက ဒီလိုပါ၊ Laurel Art  အနုပညာသင်တန်းက  မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်အကြို ဆိုတဲ့၊ ခေါင်းစဉ်နဲ့ ဖေဖော်ဝါရီ (၁၁) မှာ ရုပ်ရှင်တေးဂီတဖျော်ဖြေပွဲ အမျိုးသားကဇာတ်ရုံမှာ ကျင်းပမယ်ဆိုပြီး ကြေညာထားလို့ ရုပ်ရှင်အစည်းအရုံးက နှစ်(၁၀၀)ကို မသုံးဖို့ တရားဝင်စာထုတ်ပြီး တားမြစ်ခဲ့တာပါ။

ရုပ်ရှင်အစည်းအရုံးရဲ့စာမှာ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ဆိုတဲ့ အသုံးဟာ ရုပ်ရှင်အစည်းအရုံးကပဲ ပိုင်ပိုင်နိုင်နိုင် အပြတ်ပိုင်တယ်ဆိုတဲ့ သဘောသုံးထားတာ တွေ့ရတယ်။ အဲဒါမျိုး မူပိုင်ခွင့်ဆိုင်ရာ ကြော်ငြာတစ်ချို့ မောင်မှန် ဖတ်ဖူးပါတယ်။ စီးပွားဖြစ် အသုံးပြုလျှင်ဆိုတဲ့ စကားရပ်ကို ခံပြီး ရေးကြတာများပါတယ်။ ခုဟာကတော့ စီးပွားဖြစ်ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊      laurel Art သင်တန်းကျောင်း တစ်ခုတည်းကိုသာ မဟုတ်၊ အားလုံးကို အကြွင်းမဲ့ ကန့်ကွက်တဲ့သဘော သက်ရောက်နေပါတယ်။ (စာအရေးအသား လိုအပ်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ် စကားကပ်ပြောတာတော့ မဟုတ်ပါဘူး) မောင်မှန်ကရော အဲဒီခေါင်းစဉ်နဲ့ ဆောင်းပါးရေးလို့ မရတော့ဘူးလား။ ရရ၊ မရရ အခုရေးလိုက်ပါပြီ။ ဒါကိုရော ကန့်ကွက်မှာပဲလား။ အလကားနောက်တာပါ။ မောင်မှန်က အဲဒီလိုပွဲတွေ စီစဉ်သူမှ မဟုတ်ပဲ၊ ဆောင်းပါးလားရေးတာတော့ ခွင့်ပြုပေးစေလိုပါတယ်။

တကယ်တော့ မြန်မာရုပ်ရှင်ဆိုတာ မြန်မာတစ်မျိုးသားလုံးနဲ့ ဆိုင်ပါတယ်။ မြန်မာတစ်မျိုးသားလုံးက ပိုင်ပါတယ်။ ရုပ်ရှင်လောကသားတွေကတော့ ပိုပြီးဆိုင်တာပေါ့ခင်ဗျာ။ ဒီနေရာမှာတစ်ခု ပြောလိုတာက ရုပ်ရှင်အစည်းအရုံးဝင်မှမဟုတ်တဲ့ ရုပ်ရှင်လောကသားတွေလည်း အများအပြား ရှိနိုင်တယ်ဆိုတာ သတိချပ်ဖို့ပါ။ ရုပ်ရှင်အစည်းအရုံးဝင်မှ ရုပ်ရှင်လောကသား ဖြစ်တာ မဟုတ်ပါဘူး။ ရုပ်ရှင်နဲ့ အသက်မွေးရင် အစည်းအရုံးဝင်ဝင်၊ မဝင်ဝင် ရုပ်ရှင်လောကသားအဖြစ် အသိအမှတ်ပြုရမှာပဲ။ ဥပမာ- မောင်မှန်ဆိုရင် ဒီကနေ့ လက်ရှိ စာပေဆိုင်ရာ အဖွဲ့အစည်းအသီးသီးရဲ့ အဖွဲ့ဝင်တစ်ယောက်မဟုတ်ဘူး၊ ဝင်မထားဘူး၊ အရင်တုန်းကဆို ပိုဝေးသေး၊ စာပေလုပ်သားတို့ စာပေနဲ့ စာနယ်ဇင်းတို့ လုံးလုံးကို မပတ်သက်ဖူးဘူး။ ဒီအတွက်ကြောင့် မောင်မှန်ကို စာပေလောကသားအဖြစ် မသတ်မှတ်ထားဘူးလား။ အသိအမှတ်မပြုတော့ဘူး။ သဘောပြောတာပါ။ ဒီလိုတော့ ရှိတာပေါ့လေ။ အစိုးရက မြေကွက်တွေချပေးမယ်။ ကားပါမစ်တွေ ချပေးမယ်။ ဟိုဟာတွေချပေးမယ်။ ဒီဟာတွေချပေးမယ်။ အဖွဲ့အစည်းဝင်များသာဆိုရင်တော့ လက်ခံပေးရမှာပေါ့။ ကိုယ်ကကိုယ့်သဘောဆန္ဒနဲ့ ကိုယ်ဘေးထွက်နေတာပဲလေ။ ဝင်မယ်ဆိုဝင်ခွင့်ရှိတာပဲ။ အခွင့်အရေးရတာကို မနာလို တိုရှည်သွားပြောလို့ ဘယ်ဖြစ်မလဲ။

ရုပ်ရှင်လောကလည်း ဒီအတိုင်းပဲလို့ မောင်မှန်မြင်ပါတယ်။ အခုကန်ု့ကွက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Laurel Art အနုပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒါရိုက်တာ စည်သူ ဦးကြည်စိုးထွန်းက လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက Movie Talk မှာ ရုပ်ရှင်အကြောင်းတွေ ပြောတော့ ရုပ်ရှင်နှစ် (၁၀၀) ပြည့်အကြောင်းကို ထည့်ပြောခဲ့ပါတယ်။ Reader's Channel မှာလည်း  သက်ဝင်လှုပ်ရှား စာမျက်နှာများ အစီအစဉ်မှာ ပြောခဲ့ဖူးပါတယ်။ မှတ်မှတ်ထင်ထင် မြန်မာ့ရုပ်ရှင် အစီအစဉ်မှာလည်း ပြောခဲ့သလို တမ်းတမ်းတတ ဖြစ်ခဲ့ရတဲ့ ရုပ်ရှင်တေးသီချင်းများ အစီအစဉ်မှာလည်း ပါခဲ့ပါတယ်။ Home Channel ကလုပ်တဲ့ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် ဂုဏ်ပြုအစီအစဉ်မှာလည်း ဒီစကားရပ် ပါဝင်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ မကန့်ကွက်ခဲ့ပါဘူး လို့ ပြောပါတယ်။ ဟုတ်ပါတယ်။ မောင်မှန်ကလည်း ရုပ်ရှင်ဝါသနာအိုးမို့ အဲဒီ အစီအစဉ် တော်တော်များများကို ကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ဘာသံမှ မကြားခဲ့ပါဘူး။

မောင်မှန်ရေးခဲ့သလို အတွင်းပိုင်းအကြောင်းအရာတွေ ရှိလိမ့်မယ် ထင်ပါတယ်။ ရှိတယ်ဆိုရင်လည်း ရုပ်ရှင်လောကသားချင်း တိုးတိုးတိတ်တိက် ညိနှိုင်း ဖြေရှင်းလိုက်ရင် ပြီးနိုင်မယ် ထင်ပါတယ်။ အကျယ့်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်လာတော့ မကောင်းနိုင်ပေဘူးပေါ့။ မြန်မာပေါကားများ ချက်ခြင်းရပ်တို့ ဘာတို့ ဖြစ်နေတဲ့ အချိန်မှာ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ဖို့ ရုပ်ရှင်လောကသားတွေ စည်းလုံးဖို့ အရေးကြီးတယ်လို့ ယူဆမိပါတယ်။ ဒါမှမဟုတ် ဘာလာလာ ကန့်ကွက်မှာပဲ ဆိုရင်တော့ မောင်မှန်ကကော ဘာများတတ်နိုင်ပါဦး မည်နည်းပေါ့ ခင်ဗျာ။

မောင်မှန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly