ရုရှသမ္မတ ပူတင်က အိမ်တွင်းအကြမ်းဖက်မှု ပြစ်ဒဏ်ကို လျှော့ပေါ့ပေး၍ ဆန္ဒပြမှုဖြစ်ပွား

ရုရှသမ္မတ ပူတင်က အိမ်တွင်းအကြမ်းဖက်မှု ပြစ်ဒဏ်ကို လျှော့ပေါ့ပေး၍ ဆန္ဒပြမှုဖြစ်ပွား

မော်စကို၊ ဖေဖော်ဝါရီ ၁၃ ။               ။ အိမ်တွင်းအကြမ်းဖက်မှု ကျုးလွန်သူတွေအပေါ် သက်သာတဲ့ ပြစ်ဒဏ်ပေးတဲ့ ဥပဒေတစ်ရပ်ကို ရုရှသမ္မတ ဗလာဒီမာပူတင်က လက်မှတ်ထိုးလိုက်ပြီးနောက်မှာ တက်ကြွလှုပ်ရှားသူ ဒါဇင်များစွာက အအေးဒဏ်ကြား ဖေဖော်ဝါရီ ၁၂ ရက်မှာ စုရုံးဆန္ဒပြကြပါတယ်။

ကျောင်းသားကျောင်းသူတွေနဲ့ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ တက်ကြွလှုပ်ရှားသူ ၈၀ နီးပါးခန့်ဟာ မော်စကိုက ပန်းခြံတစ်ခုမှာ မြို့အာဏာပိုင်များရဲ့ ခွင့်ပြုချက်ရပြီး စုရုံးဆန္ဒပြကြတာဖြစ်ပါတယ်။

သမ္မတ ပူတင်က အိမ်တွင်းအကြမ်းဖက်ဥပဒေကို ဖြေလျှော့ပေးတဲ့ ပြင်ဆင်ချက်ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။ ခုလို ဥပဒေဖြေလျှော့ပေးမှုကြောင့် ကျုးလွန်သူတွေကို ရပ်တန့်အောင်လုပ်ဖို့ အခက်တွေ့စေမှာဖြစ်ပြီး ထိခိုက်နစ်နာသူတွေကို အကာအကွယ်ပေးဖို့လည်း ခက်ခဲစေမှာဖြစ်တယ်လို့ အိမ်တွင်းအကြမ်းဖက်ခံရသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

ခုဥပဒေပြင်ဆင်ချက်အရ တစ်နှစ်အတွင်းမှာ ပထမဆုံးအိမ်တွင်းအကြမ်းဖက်မှုကျုးလွန်သူ၊ ကျုးလွန်ရာမှာလည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရမှု မရှိဘူးဆိုရင် ပြစ်ဒဏ်လျှော့ပေါ့ခွင့်ပေးတဲ့   ပြင်ဆင်ချက်ဥပဒေပဲဖြစ်ပါတယ်။

ကျုးလွန်သူတွေအနေနဲ့ အရင် နှစ်နှစ်နဲ့ အထက် ထောင်ဒဏ်အပေးခံရမှာက ခုဥပဒေအရ ဒဏ်ငွေနဲ့ အတူ လူမှုကူညီပေးရတဲ့ ပြစ်ဒဏ် ဒါမှ မဟုတ် ရဲအချုပ် ၁၅ ရက် ချမှတ်ခံရတာကိုပဲ   ပြစ်ဒဏ်ခံရမှာ   ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags