အာဆင်နယ်နည်းပြ အနာဂါတ်နှင့် ပတ်သက်ပြီး ရည်ညွှန်းပြောဆိုခြင်း မဟုတ်ဟု ဝင်းဂါးရှင်းလင်း

အာဆင်နယ်နည်းပြ အနာဂါတ်နှင့် ပတ်သက်ပြီး ရည်ညွှန်းပြောဆိုခြင်း မဟုတ်ဟု ဝင်းဂါးရှင်းလင်း

ဖေဖော်ဝါရီ ၁၂၊ လန်ဒန်။           ။ အာဆင်နယ်နည်းပြဘဝ အဆုံးသတ်ပိုင်းသို့ ရောက်နေပြီဟု အာစင်ဝင်းဂါးကပြောကြောင်း အသင်းဂန္ထဝင်အီရန်ရိုက်၏ ပြောဆိုမှု အပေါ် အာစင်ဝင်းဂါးက ယင်းသို့ဆိုလိုရင်းမဟုတ်ဟု ပြန်လည်ရှင်းလင်းလိုက်သည်။

အသက် ၆၇ နှစ်အရွယ်ရှိ အာစင်ဝင်းဂါးသည် ၁၉၉၆ စက်တင်ဘာကတည်းက အာဆင်နယ်အသင်းနည်းပြအဖြစ် တာဝန်ယူလာ ခဲ့သူဖြစ်သည်။

အီရန်ရိုက်က “သူ့ကြည့်ရတာ ပင်ပန်းနေပြီ။ ရာသီကုန်မှာသူထွက်သွားတော့မယ်လို့ ကျွန်တော်ခံစားနေရတယ်”ဟု ဘီဘီစီသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်ဝင်းဂါးက “ကျွန်တော်တို့ ညစာစားပွဲတစ်ခုမှာ ခဏဆုံခဲ့ကြတာပါ။ သီးသန့်ဆုံခဲ့တာမဟုတ်ပါဘူး။ ကျွန်တော့်ကို နားစေချင်တဲ့စိတ်ကို တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ကျွန်တော်အဆင်သင့်မဖြစ်သေးပါဘူး”ဟုဆိုခဲ့ပြီး ပင်ပန်းနေပုံပေါက်နေခြင်း နှင့်ပတ်သက်၍လည်း “ကျွန်တော် မနက်ကစောစောထထားလို့ပါ”ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

အာစင်ဝင်းဂါး၏လက်အောက်တွင် ၁၉၉၆ မှ ၁၉၉၈ ထိ နှစ်ရာသီကြာကစားခဲ့ဖူးသည့် အီရန်ရိုက်သည် စနေနေ့ပွဲနေ့အစီအစဉ်၌ အာစင်ဝင်းဂါးထွက်ခွာတော့မည်ဟုယုံကြည်ကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်၏သက်တမ်းအရှည်ဆုံးနည်းပြ အာစင်ဝင်းဂါးသည် ရာသီကုန်တွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

အကယ်၍ဝင်းဂါးထွက်ခွာသွားလျှင် အစားထိုးမည့်စာရင်းတွင် လီဗာပူးလ်နည်းပြဟောင်းနှင့်လက်ရှိနယူးကာဆယ်နည်းပြ  ဘင်နီတက်ဇ်အံ့အားသင့်ဖွယ်ပါဝင်လာပြီး ၎င်းအနေဖြင့်အွန်နရီကိုလည်းပြန်ခေါ်လာလိမ့်မည်ဟု သတင်းထွက်နေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly