အာဆင်နယ်မှ ထွက်ခွာရရန် နီးစပ်လာပြီဟု အာစင်ဝင်းဂါး ဖွင့်ဟခဲ့ကြောင်း ကစားသမားဟောင်း အီယန်ရွိုက် ဆို

အာဆင်နယ်မှ ထွက်ခွာရရန် နီးစပ်လာပြီဟု အာစင်ဝင်းဂါး ဖွင့်ဟခဲ့ကြောင်း ကစားသမားဟောင်း အီယန်ရွိုက် ဆို
 

ဖေဖော်ဝါရီ ၁၁၊ အင်္ဂလန် ။                 ။ အာဆင်နယ်နည်းပြဘ၀ အဆုံးသတ်ရန် နီးစပ်လာပြီဟု အာစင်ဝင်းဂါးမှ ဖွင့်ဟပြောဆိုခဲ့ကြောင်း အာဆင်နယ်ကစားသမားဟောင်း အီယန်ရွိုက်က   ပြောဆိုလိုက်သည်။

အာစင်ဝင်းဂါးသည် ပြီးခဲ့သည့် ကြာသပတေးနေ့က အီယန်ရွိုက်နှင့်တွေ့ဆုံခဲ့ပြီးနောက် ရွိုက်က ဘီဘီစီရေဒီယို 5 မှ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အာဆင်နယ်နှင့်အာစင်ဝင်းဂါးတို့၏ စာချုပ်မှာ ယခုနှစ်ရာသီအကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး ယခုအချိန်အထိ စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးခြင်း မရှိကြသေးပေ။ အာစင်ဝင်းဂါး၏နေရာတွင် အစားထိုးမည့်နည်းပြများစာရင်းလည်း ထွက်ပေါ်လျက်ရှိနေသည်။

သောကြာနေ့ညက BBC, Radio 5 တွင် အီယန်ရွိုက်က ‘ပြီးခဲ့တဲ့ မနေ့ညက အာစင်ဝင်းဂါးနဲ့အတူ ကျွန်တော်ရှိခဲ့ပါတယ်။ ဒီတွေ့ဆုံမှုက ကျွန်တော့်စိတ်ထဲမှာ စွဲနေပြီး ဒီအကြောင်းကိုပဲ   တွေးနေမိပါတယ်။

ကျွန်တော်တို့ နာရီအနည်းငယ်လောက် စကားပြောခဲ့ပါတယ်။ ရာသီအဆုံးမှာ အာဆင်နယ်က ထွက်ခွာမယ်လို့တော့ သူမပြောခဲ့ပါဘူး။ ဒါပေမဲ့ အာဆင်နယ်ကနေ ထွက်ခွာရဖို့ အလွန်နီးစပ်နေပြီ လို့တော့ သူကျွန်တော့်ကို ပြောခဲ့ပါတယ်။ သူဒီလိုပြောတာ ကျွန်တော်တစ်ခါမှ မကြားဖူးခဲ့ပါဘူး’ ဟု ပြောဆိုခဲ့သည်။

နည်းပြ အာစင်ဝင်းဂါး၏လက်အောက်တွင် ၁၉၉၆ မှ ၉၈ ခုနှစ်အထိ ကစားခဲ့ဖူးသည့် အီယန်ရွိုက်က နည်းပြကြီးမှာ ပင်ပန်းနွမ်းနယ်နေပုံရကြောင်းလည်း ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly