မောင်တော ဖေဖော်ဝါရီ ၉ ။ ။ မောင်တောခရိုင်အတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်အား ယခင် ည ၇ နာရီမှ ယခု ည ၉ နာရီသို့ ပြောင်းလဲပြင်ဆင်လိုက်သည်ဟု ယမန်နေ့( ဖေဖော်ဝါရီ ၉ )ရက်က မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည်။
ယခင်က ထုတ်ပြန်ခဲ့သည့် ည ၇ နာရီမှ နောက်နေ့ နံနက် ၆ နာရီကာလအတွင်း ညမထွက်ရအမိန့်အစား ယခု ည ၉ နာရီမှ နံနက် ၅ နာရီထိ ကာလအတွင်း ညမထွက်ရအမိန့်ကို ထပ်မံပြင်ဆင်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မောင်တောခရိုင်အတွင်း ပြည်သူတို့သွားလာရာ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ၅ ဦး(သို့မဟုတ်) ၅ ဦး ထက်ပိုသော လူများစုဝေးခြင်းမပြုလုပ်ရန်များလည်း ပြင်ဆင်သည့်အမိန့်တွင် ပါရှိသည်။
မောင်တောခရိုင်အတွင်း ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၁၄၄ အရ ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာအထွေထွေအမှုအမှတ် (၂/၂ဝ၁၆)ကို မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ- ၁၄၄ ၊ ပြစ်မှုဆိုင်ရာ အထွေအထွေအမှုအမှတ်(၁/၂ဝ၁၇) ဖြင့် ပြင်ဆင်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၉ ရက်တွင် ထပ်မံထုတ်ပြန်သည့် အမိန့်သည် ၎င်းရက်မှစ၍ ၂ လပြည့်မြောက်သည်အထိ အတည်ဖြစ်ကြောင်း ပါရှိသည်။
မောင်တောဒေသအတွင်း ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး(ဌာနချုပ်)နှင့် နယ်မြေရဲကင်းစခန်း ၂ ခုတို့အား ဝင်ရောက် တိုက်ခိုက်သည့်ဖြစ်စဉ်များကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။