မန်စီးတီးသို့ပြောင်းရန် ဘာစီလိုနာနှင့် ရီးရဲလ်ကို ဂျီးဆပ်ငြင်းပယ်ခဲ့သည်ဟု ဖာနန်ဒင်ဟိုယုံကြည်

မန်စီးတီးသို့ပြောင်းရန် ဘာစီလိုနာနှင့် ရီးရဲလ်ကို ဂျီးဆပ်ငြင်းပယ်ခဲ့သည်ဟု ဖာနန်ဒင်ဟိုယုံကြည်

ဖေဖော်ဝါရီ ၉၊ မန်ချက်စတာ။           ။ ဂါဘရီယယ်ဂျီးဆပ်အနေဖြင့် မန်ချက်စတာစီးတီးအသင်းသို့ပြောင်းရန်အတွက် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့ကို ငြင်းပယ်ခဲ့ သည်ဟု ယုံကြည်ကြောင်း ဖာနန်ဒင်ဟိုကပြောသည်။

ဂျီးဆပ်သည်ဇန်နဝါရီတွင် ပါမီးယက်စ်မှ ပေါင် ၂၇ သန်းဖြင့်ပြောင်းလာပြီးနောက် အင်္ဂလန်တွင်ခြေစွမ်းပြနေပြီး ဆွမ်ဆီးကို အနိုင်ရသည့်ပွဲမှ နှစ်ဂိုးအပါအဝင် ပရီးမီးယားလိဂ်နောက်ဆုံးနှစ်ပွဲ၌ သုံးဂိုးသွင်းထားသည်။

၎င်းကို ဥရောပထိပ်သီးကလပ်များစွာကပစ်မှတ်ထားခဲ့ကြသော်လည်း အီတီဟတ်သို့သာပြောင်းလာအောင် ဘရာဇီးအသင်းဖော် ဖာနန်ဒင်ဟိုက ဖျောင်းဖျနိုင်ခဲ့သည်။

“စီးတီးကိုရွေးချယ်ဖို့ သူ့ကို ကျွန်တော်တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်သူ့ကို အမှန်အတိုင်းရိုးရိုးသားသားပဲ ပြောခဲ့ပါတယ်။ ဘာစီ လိုနာနဲ့ ရီးရဲလ်မက်ဒရစ်အပါအဝင် ထိပ်သီးအသင်းကြီးတွေက သူ့ကိုလိုချင်ခဲ့တာပါ။

ဒါပေမဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်ရဲ့ ပွဲထွက်လူစာရင်းကိုပြပြီး အသက် ၁၉ နှစ်အရွယ်ကစားသမား ဘယ်နှစ်ယောက်ပါလဲလို့ သူ့ကို ကျွန်တော်မေးခဲ့ပါတယ်။

စီးတီးမှာဆိုရင်တော့ လူငယ်ကစားသမားတွေကိုသဘောကျတဲ့ ပက်ဂွာဒီယိုလာရှိနေပြီး လူငယ်တွေအတွက် ပွဲထွက်ခွင့်တွေ လည်းပေးနေတယ်လို့ ပြောခဲ့ပါတယ်။

ဒီမှာကစားခွင့်ရမယ်။ ၁၁ ယောက်စာရင်းမှာ အမြဲမပါရင်တောင် ပုံမှန်နေရာရလာလိမ့်မယ်လို့ ပြောခဲ့တယ်။ သူ့ဘာသာ ဆုံးဖြတ် ခဲ့တာပါ။ ကျွန်တော်ကတော့ သူငယ်ချင်းတစ်ယောက်အနေနဲ့ပဲ အကြံပေးခဲ့တာ”ဟု ဖာနန်ဒင်ဟိုက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly