ဖေဖော်ဝါရီ ၉ ။ ။ စပိန် နိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းမြို့ ဗလင်စီယာ ရှိ ဓါတု စက်ရုံတစ်ရုံတွင် ဖေဖော်ဝါရီ ၈ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လုပ်သား ၃,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ စက်ရုံမီးကို ငြှိမ်းသတ်ရန်အတွက် မီးသတ်အဖွဲ့ ၂၁ ခုအထိ လာရောက်ပူးပေါင်းငြှိမ်းသတ်ခဲ့ကြရကြောင်းနှင့် ယင်းနေ့ ညနေပိုင်းထိ ဆက်လက်လောင်ကျွမ်းနေခဲ့ကြောင်း မီးသတ်ဌာန အကြီးအကဲ ဟိုဆေး မီဂွယ် ဘက်ဆက်က ပြောသည်။
" ဒီမီးကြောင့် ထွက်ပေါ်လာနေတဲ့ မီးခိုးလုံးတွေမှာ အဆိပ်အတောက်တွေ ပါနေတယ်လို့ အရေးပေါ်အဖွဲ့က ကျွန်တော်တို့ကို ပြောထားပါတယ်" ဟု အဆိုပါစက်ရုံတည်ရှိသည့် စက်မှုဇုန် လုပ်ငန်းရှင်အသင်းအဖွဲ့ မန်နေဂျာ ဂျိုအာကွင်း ဘောလက်စတာ က ပြောသည်။
အဆိုပါမီးသည် ယမန်နေ့ နံနက်ပိုင်းကတည်းက စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းမှတဆင့် ထွက်ပေါ်လာသော မီးခိုးလုံးများကို မိုင်များစွာအကွာကပင် လှမ်းမြင်နိုင်ခဲ့သည်ဟုလည်း သိရသည်။
မီးလောင်မှုအတွင်း ပေါက်ကွဲသံများလည်း ကြားခဲ့ရကြောင်းနှင့် မီးကြောင့် အဆိုပါ စက်ရုံဧရိယာအနီး ရှိခဲ့သော ကုမ္ပဏီ ၁၅၀ လည်း အတိုင်းအတာတစ်ခုထိ ထိခိုက်ခဲ့ရကြောင်း ဘော်လက်စတာက ပြောသွားသည်။