ဇူလိုင် ၂၄၊ ရန်ကုန် ။ ။ ၂၀၁၅ အူရီဒူး မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ၊ ဒုတိယအကျော့ ပွဲစဉ် ၁၃ ပွဲစဉ်များကို ဇူလိုင် ၂၅ ၊ ၂၆ ရက် များတွင် ရန်ကုန်၊ နေပြည်တော်၊ မုံရွာ၊ ဧရာဝတီ၊ မန္တလေးတို့တွင် ဆက်လက်ကစားမည်ဖြစ်ပြီး အမှတ်ပေး ဇယား အဆင့် ၁ မှ ၆ အတွင်းရှိနေသော အသင်းကြီးများ အချင်းချင်း ထိပ်တိုက်တွေ့ဆုံနေကြသည်။
အမှတ်ပေးဇယား အဆင့် ၁ နေရာမှ ရန်ကုန်အသင်းမှာ အဆင့် ၂ နေရာမှ ဧရာဝတီအသင်းနှင့် အဝေးကွင်းတွင် သွားရောက် ကစားရမည်ဖြစ်ပြီး အဆင့် ၃ နေရာမှ မကွေးအသင်းက အဆင့် ၆ နေရာမှ ချင်းယူနိုက်တက်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ကစားရမည်ဖြစ်သည်။
အမှတ်ပေးဇယား အဆင့် ၄ နေရာမှ ရတနာပုံအသင်းမှာ အဆင့် ၅ နေရာမှ ကမ္ဘောဇအသင်းနှင့် မန္တလေးမြို့၊ ဗထူးကွင်းတွင် ကစားရမည်ဖြစ်သည်။ အလားတူ အဆင့် ၇ မှ အဆင့် ၁၂ နေရာအတွင်း ရှိနေသော အသင်းများ ၏ ထိပ်တိုက်တွေ့ဆုံမှုများ မှာလည်း ပြိုင်ပွဲမှု ပြင်းထန်လာဖွယ်ရှိနေသည်။
၂၀၁၅ ဘောလုံးရာသီတွင် နိုင်ပွဲ မရရှိသေးဘဲ အမှတ်ပေးဇယား အောက်ဆုံးတွင် ရောက်နေသော ဟံသာဝတီအသင်းမှာ အဆင့် ၈ နေရာမှ ဇွဲကပင်အသင်းနှင့် ကစားရ မည်ဖြစ်ပြီး တန်းဆင်းဇုန် အဆင့် ၁၁ နေရာတွင် ရောက်နေသော မနောမြေ အသင်းမှာ အဆင့် ၇ နေရမှ နေပြည်တော် အသင်းနှင့် အဝေးကွင်းတွင် သွားရောက်ကစားရမည်ဖြစ်သည်။
မုံရွာကွင်း၌ အဆင့် ၉ နှင့် အဆင့် ၁၀ နေရာများတွင် ရပ်တည်နေသော ဇေယျာရွှေမြေအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း တို့ကစားကြမည်ဖြစ်သည်။
၂၀၁၅ အူရီဒူး မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၂ ပွဲစီ ကစားပြီးချိန်တွင် ရန်ကုန်အသင်းက ရမှတ် ၃၆ မှတ်ဖြင့် ဦးဆောင်နေသည်။
သို့သော် အဆင့် ၇ မှ အဆင့် ၁၂ အတွင်းရှိနေသော နေပြည်တော်၊ ဇွဲကပင်၊ ဇေယျာရွှေမြေ၊ ရခိုင်ယူနိုက်တက်၊ မနောမြေ၊ ဟံသာဝတီအသင်းတို့မှာ ရာသီကုန်တွင် တန်းမဆင်းရရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အူရီဒူး မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၃ ပွဲစဉ်များ
၂၅-၇-၂၀၁၅ နေပြည်တော် - မနောမြေ (ညနေ ၆း၀၀) နေပြည်တော်
၂၅-၇-၂၀၁၅ ဧရာဝတီ - ရန်ကုန် (ညနေ ၃း၃၀) ဧရာဝတီ
၂၅-၇-၂၀၁၅ ဇေယျာရွှေမြေ - ရခိုင်ယူနိုက်တက် (ညနေ ၃း၃၀) မုံရွာ
၂၆-၇-၂၀၁၅ ချင်းယူနိုက်တက် - မကွေး (ညနေ ၄း၀၀) သုဝဏ္ဏ
၂၆-၇-၂၀၁၅ ဇွဲကပင် - ဟံသာဝတီ (ညနေ ၄း၀၀) အောင်ဆန်း
၂၆-၇-၂၀၁၅ ရတနာပုံ - ကမ္ဘောဇ (ညနေ ၄း၀၀) ဗထူး