အက်သလက်တီကိုနှင့်ပွဲမှ အနီကတ်အတွက် ကွင်းလယ်ဒိုင်ကို ဆွာရက်ဇ်ဝေဖန်

အက်သလက်တီကိုနှင့်ပွဲမှ အနီကတ်အတွက် ကွင်းလယ်ဒိုင်ကို ဆွာရက်ဇ်ဝေဖန်

ဖေဖော်ဝါရီ ၈၊ ဘာစီလိုနာ။            ။ ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းကိုအနိုင်ရပြီး ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲအဆင့်သို့တက်ရောက်နိုင်ခဲ့သည့်ပွဲ တွင် အနီကတ်ပြခံရသည့်အတွက် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ကွင်းလယ်ဒိုင်ကို ဝေဖန်ပြောဆိုလိုက်သည်။

ဆီမီးဒုတိယအကျော့အဖြစ် ဘာစီလိုနာအိမ်ကွင်းတွင် တစ်ဂိုးစီသရေကျသော အဆိုပါပွဲ၌ ဦးဆောင်ဂိုးသွင်းခဲ့သည့် ဆွာရက်ဇ်သည် ပွဲချိန်မိနစ် ၉၀ တွင် လေထဲမှဘောလုံးကို အက်သလက်တီကိုကစားသမား ကိုကီနှင့်ယှဉ်လုရင်း ဒုတိယမြောက်အဝါကတ်ပြခံရကာ နှစ်ဝါ၊ တစ်နီဖြင့် ထုတ်ခံခဲ့ရသည်။

တစ်ဂိုးစီသရေရလဒ်ကြောင့် ဘာစီလိုနာအသင်းမှာ နှစ်ကျော့ပေါင်း ၃-၂ ဂိုးဖြင့်ဗိုလ်လုပွဲတက်သွားပြီး ဆွာရက်ဇ်အတွက် အယူခံ ဝင်ပေးရန်ရှိသော်လည်း ဥရုဂွေးတိုက်စစ်မှူးမှာ မေ ၂၇ တွင်ကစားမည့်ပွဲ၌ ပါဝင်ကစားရန် မသေချာတော့ပေ။

“ကျွန်တော့အဖြစ်ကိုကျွန်တော်ရယ်နေမိတယ်။ ခင်ဗျားတို့လည်း မြင်မှာပါ။ အဲဒါက ဒိုင်လူကြီးရဲ့ ဖြစ်ချင်နေတဲ့ ဆန္ဒပဲ။ ကျွန်တော် မတရားဆုံးဖြတ်ခံရတာပါ။

အဲဒါက ပြစ်ဒဏ်ဘောတောင်မဟုတ်ပါဘူး။ ထုံးစံအတိုင်းပဲ ဒိုင်လူကြီးက ကျွန်တော့်ကို ရှင်းပြခွင့်တောင်မပေးခဲ့ဘူး”ဟု ဆွာရက်ဇ်က ပြောသည်။

ဘာစီလိုနာနှင့် အက်သလက်တီကိုတို့၏ ကိုပါဒယ်ရေးဖလားဆီမီး ဒုတိယအကျော့ပွဲစဉ်မှာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ဘာစီလိုနာမှ ဆာဂျီရော်ဘတ်တိုနှင့်ဆွာရက်ဇ်၊ အက်သလက်တီကိုမှ ကာရက်စကိုတို့ နှစ်ဝါ၊တစ်နီဖြင့် ထုတ်ခံခဲ့ရသည်။

အက်သလက်တီကိုတိုက်စစ်မှူးဂရစ်ဇ်မန်း ဒုတိယပိုင်းတွင်သွင်းယူသည့်ဂိုးမှာလည်း လူကျွံဘောအဖြစ်အငြင်းပွားဖွယ်ဆုံးဖြတ်ခံခဲ့ ရသည်။ ဘာစီလိုနာအတွက်ဦးဆောင်ဂိုးကို ဆွာရက်ဇ်က ပွဲချိန် ၄၃ မိနစ်တွင်သွင်းယူခဲ့ပြီး အက်သလက်တီကိုအတွက် ချေပဂိုးကို ဂါမီရိုက ပွဲချိန် ၈၃ မိနစ်တွင်သွင်းယူခဲ့သည်။

ကြာသပတေးနံနက် ၂း၃၀ နာရီတွင်ကစားမည့် ဒီပို့တီဗိုအလာဗက်စ်နှင့် ဆယ်လ်တာဗီဂိုတို့ပွဲမှ အနိုင်ရသည့်အသင်းမှာ မေလ ၂၇ တွင် ဘာစီလိုနာနှင့် ဗိုလ်လုရမည်ဖြစ်သည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly