ရာသီအကုန်တွင် အနားယူတော့မည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်နောက်ခံလူ ဖိလစ်လမ်းကြေညာ

ရာသီအကုန်တွင် အနားယူတော့မည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်နောက်ခံလူ ဖိလစ်လမ်းကြေညာ

ဖေဖော်ဝါရီ ၈၊ ဂျာမနီ ။              ။ ဘိုင်ယန်မြူးနစ်အသင်း၏ ဝါရင့်နောက်ခံကစားသမားတစ်ဦးဖြစ်သည့် အသင်းခေါင်းဆောင်ဖိလစ်လမ်းက ယခုနှစ်ရာသီအကုန်တွင် ဘောလုံးသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ဂျာမနီလက်ရွေးစင်ကစားသမားဟောင်း ဖိလစ်လမ်းသည် ဘိုင်ယန်မြူးနစ်အသင်းက ဝုဖ်ဘတ်အသင်းကို အနိုင်ရခဲ့သည့် ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲအပြီးတွင် ယခုကဲ့သို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

‘နေ့ရက်တိုင်း၊ လေ့ကျင့်ရေးအစီအစီတိုင်းမှာ အကောင်းဆုံးပေးဆပ်ပြီး ဒီနှစ်ရာသီကုန်အထိ ကျွန်တော့်ရဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ ပုံစံအတိုင်း ဆက်ကစားနိုင်ပါသေးတယ်။ ဒီရာသီကုန်အထိပါပဲ။ ဒီထက်တော့ ပိုပြီး မလုပ်နိုင်တော့ပါဘူး’ ဟု ဖိလစ်လမ်းက ပြောဆိုခဲ့သည်။

ထို့အပြင်ဖိလစ်လမ်းက ယခုကဲ့သို့ ဆုံးဖြတ်ချက်ချရန် ကိုယ့်ကိုကိုယ်စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လေ့ကျင့်ရေးကွင်းနှင့်နေ့ရက်တိုင်းတွင် မည်ကဲ့သို့ ခံစားရသည်ကို ကိုယ့်ကိုကိုယ်ပြန်မေးခဲ့ပြီးဖြစ်ကြောင်း ပြောသည်။

ယခုနှစ်အကုန်တွင် အနားယူမည်ဖြစ်သည့်အတွက် ဖိလစ်လမ်းသည် ၎င်း၏စာချုပ်သက်တမ်းမကုန်ဆုံးမီ ဘိုင်ယန်မြူးနစ်အသင်းကို နှုတ်ဆက်ထွက်ခွာမည်ဖြစ်သည်။

လမ်းသည် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၅၀၁ ပွဲကစားပေးခဲ့ပြီး ဂျာမနီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁၃ ပွဲ ကစားပေးခဲ့သည်။ အဓိကအောင်မြင်မှုများအဖြစ် ဘိုင်ယန်နှင့်အတူ ဘွန်ဒက်စ်လီဂါဖလား၇ ကြိမ်၊ ဂျာမန်ပိုကယ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိခဲ့ပြီး ဂျာမနီအသင်းနှင့်အတူ ကမ္ဘာ့ဖလားကြီးကို ရရှိခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly