၂၀၁၆ ခုနှစ် အာဖဂန်နစ္စတန် လက်နက်ကိုင်တိုက်ပွဲများအတွင်း အရပ်သား ၃,၅၀၀ နီးပါးသေဆုံးခဲ့ပြီး ၈,၀၀၀ ဒဏ်ရာရရှိခဲ့

၂၀၁၆ ခုနှစ် အာဖဂန်နစ္စတန် လက်နက်ကိုင်တိုက်ပွဲများအတွင်း အရပ်သား ၃,၅၀၀ နီးပါးသေဆုံးခဲ့ပြီး ၈,၀၀၀ ဒဏ်ရာရရှိခဲ့

ဖေဖော်ဝါရီ ၇ ။         ။ ယမန်နှစ်  ၂၀၁၆ ခုနှစ်သည် အာဖဂန်နစ္စတန်နိုင်ငံအတွက် သွေးထွက်သံယိုဖြစ်မှုအများဆုံး နှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး တစ်နှစ်တာအတွင်း တိုက်ခိုက်မှုများကြောင့် သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရသူ အရပ်သားစုစုပေါင်းဦးရေမှာ ၁၁,၅၀၀ နီးပါး ရှိခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းနှစ်အတွင်း အရပ်သား ၃,၄၉၈ ဦးထိ သေဆုံးခဲ့ကြောင်းနှင့် ၇,၉၂၀ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာဖဂန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့ UNAMA က ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်ပြောကြားသွားသည်။

ယင်းတစ်နှစ်တာ ထိခိုက်သေကျေမှု နှုန်းထားဟာ ယခင်အစောပိုင်းနှစ် ၂၀၁၅ ခုနှစ်ကထက် ၃ ဒသမ ၇ ရာခိုင်နှုန်း ပိုများလာခဲ့ကြောင်းလည်း UNAMA ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် ၂၀၀၉ ခုနှစ်နောက်ပိုင်း ယင်းနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခ တိုက်ပွဲများကြောင့် ယခုအချိန်ထိ အရပ်သား ၂၄,၈၄၁ ဦး သေကျေပျက်စီးခဲ့ရပြီဖြစ်ကြောင်း နှင့် ထိခိုက်ဒဏ်ရာရသူဦးရေမှာလည်း ၄၅,၃၄၇ ရှိသွားပြီဖြစ်ကြောင်း ဖော်ပြထားသေးသည်။

အစီရင်ခံစာအရ ISIS အကြမ်းဖက်အုပ်စုအပေါ် သစ္စာခံအုပ်စုများ၏ တိုက်ခိုက်မှုများအတွင်း အရပ်သားသေဆုံးမှုပိုင်းတွင် ဆယ်ဆနီးပါးထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ အလားတူ အရပ်သားသေဆုံးမှု၏ ၆၁ ရာခိုင်နှုန်းခန့်မှာလည်း အစိုးရဆန့်ကျင်တိုက်ပွဲများကြောင့် ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly