ကြားဖြတ်ရွေးကောက်ပွဲတွင် လုပ်ကြံစွပ်စွဲချက်များ ပြုလုပ်လာနိုင်သဖြင့် ကြားနေစောင့်ကြည့်ပေးရန် SNLD တောင်းဆို

ကြားဖြတ်ရွေးကောက်ပွဲတွင် လုပ်ကြံစွပ်စွဲချက်များ ပြုလုပ်လာနိုင်သဖြင့် ကြားနေစောင့်ကြည့်ပေးရန် SNLD တောင်းဆို
ဓာတ်ပုံ-စိုင်းထွန်းထွန်းနိုင်

ဖေဖော်ဝါရီ ၄ ရက် ။                    ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီအား ကြားဖြတ်ရွေးကောက်ပွဲတွင် လုပ်ကြံဖန်တီးထားသည့် စွပ်စွဲချက်များ ပြုလုပ်လာနိုင်သည့် အလားအလာများ တွေ့ရှိရသဖြင့် သံတမန်များ၊ မီဒီယာများ၊ အရပ်ဘက်အဖွဲ့အစည်းများ ကြားနေရပ်တည်ပေးကြရန် SNLD က ဖိတ်ခေါ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်၌ SNLD ပါတီ အနေဖြင့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ကျိုင်းတုံမြို့နယ်၊ မိုင်းရှူးမြို့နယ်၊   ကျေးသီးမြို့နယ်များတွင် အမည်စာရင်းတင်သွင်းထားပြီးဖြစ်ကြောင်း၊ ယင်းသို့ ရွေးကောက်တင် မြှောက်ခံ နိုင်ရန် ယှဉ်ပြိုင်ရာတွင် သတ်မှတ်ထားသည့် ဥပဒေပြဋ္ဌာန်းချက်များကို အတိအကျ လိုက်နာဆောင် ရွက်ရန်၊ မိမိတို့၏ သက်ဆိုင်ရာ အောက်ခြေအဖွဲ့အစည်း အသီးသီးထံသို့ တိတိကျကျ ညွှန်ကြား ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့ မိမိတို့ဘက်မှ အတိအကျလိုက်နာရန် ညွှန်ကြားထားသော်လည်း မဟုတ်မမှန် လုပ်ကြံဖန်တီး ထားသည့် စွပ်စွဲချက်များဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေများကို အသုံးချပြီး စွဲချက်ပြုခြင်းများ ပြုလုပ်လာနိုင်သည့် အလားအလာရှိကြောင်း SNLD ပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကျွန်တော်တို့ မနေ့တုန်းက ထွက်တဲ့ Statement က အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအချင်းချင်း ကိုယ့်ပြိုင်ဘက်တွေအပေါ်မှာ အထင်အမြင် မလွဲရအောင်ပေါ့နော်၊   နိုင်သွားတဲ့ပါတီကို အနိုင်မရတဲ့ပါတီကနေပြီးတော့မှ စွပ်စွဲတာမျိုး အပြစ်တင်တာမျိုး မဖြစ်ရအောင် ကြိုတင်ကာကွယ်တဲ့ သဘောမျိုးနဲ့ ကျွန်တော်တို့ ထုတ်ပြန်တာဖြစ်တယ်၊

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဆိုရင် အနိုင်ရသွားတဲ့ပါတီကို တရားမဲ့ပြုကျင့်တယ် ။ ဘာညာ အဲ့လိုမျိုး စွပ်စွဲတာမျိုးလည်း ရှိခဲ့ဖူး တယ်၊ နောက် သတင်းမှန်မဟုတ်ဘဲနဲ့လည်း အခြေအမြစ် မရှိတဲ့   ကောလာဟာလ သတင်းလွှင့်ချက်တွေလည်း ကြုံခဲ့ရဖူးတယ်လေ။ အဲ့ဒါကြောင့်မို့လို့ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီလို တစ်ဘက်နဲ့တစ်ဘက် အယုံအကြည်ကင်းမဲ့စေတဲ့ လုပ်ရပ်မျိုး၊ တစ်ဘက်နဲ့ တစ်ဘက် သိက္ခာချတဲ့ အနေအထားမျိုး မရောက်ရအောင်လို့၊ Third Party ဖြစ်တဲ့ မီဒီယာရော၊ သံရုံး၊ သက်ဆိုင်ရာလူမှုအခြေပြုအဖွဲ့အစည်းတွေကပါ ဝင်ရောက်ပြီးတော့မှ ကူညီဖြေရှင်းပေးကြဖို့၊   ကြားနေရပ်တည်ပေးကြဖို့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး(၁) ဦးစိုင်းလိတ် က မဇ္ဈိမသို့ ပြောသည်။

ယင်းကဲ့သို့ ကိစ္စရပ်များ ပေါ်ပေါက်လာနိုင်သည့် အနေအထားများကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ကြားနေအဖွဲ့အစည်းများဖြစ်ကြသည့် သံတမန်များ၊ စာနယ်ဇင်းနှင့် အသံလွှင့်ဌာများ စသည့် မီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ အားလုံး ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲကာလမှသည် ရွေးကောက်ပွဲပြီးစီးသည့်ကာလအထိ မိမိတို့ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဒေသများသို့ လာရောက်ပြီး အခြေအနေမှန်များကို သိရှိနိုင်ရန် အတွက် လေ့လာစောင့်ကြည့်ပေးကြပါရန် ဖိတ်ခေါ်တိုက်တွန်းကြောင်း ကြေညာချက်တွင် ပါရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly