ဒီမိုကရေစီပြုပြင်ရေးနှင့် ဖက်ဒရယ် မလိုလားသော အင်အားစုမှ ဦးကိုနီကို လုပ်ကြံခဲ့ခြင်းဟု ရခိုင်အမျိုးသားကောင်စီ ပြော

ဒီမိုကရေစီပြုပြင်ရေးနှင့် ဖက်ဒရယ် မလိုလားသော အင်အားစုမှ ဦးကိုနီကို လုပ်ကြံခဲ့ခြင်းဟု ရခိုင်အမျိုးသားကောင်စီ ပြော
ဓာတ်ပုံ - RIA

ချင်းမိုင်၊ ဖေဖေါ်ဝါရီ ၃  ။                ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရခြင်းသည် ဒီမိုကရေစီပြုပြင်ရေးနှင့် ဖက်ဒရယ်ကို မလိုလားသော အင်အားစုများ၏ လက်ချက်ဖြစ်ကြောင်း ရခိုင်ပြည်အမျိုးသားကောင်စီမှ ပြောကြားလိုက်သည်။

“ သမိုင်းတလျှောက်လုံးမှာ ဖြစ်ခဲ့တဲ့ တိုင်းပြည်ရဲ့ အခြေအနေတွေကို ကြည့်ရင် ဒီလိုကြီးမားတဲ့ လုပ်ကြံမှုတွေက အမှုမှန် တစ်ခါမှ မပေါ်ပေါက်ခဲ့ပါဘူး။ မကြာခင်ကမှ ဖြစ်ပေါ်ခဲ့တာတွေပေါ့  ။ လေးလောင်းပြိုင်၊ ခြောက်လောင်းပြိုင်လူသတ်မှုတွေ စတဲ့ ရာဇဝတ်မှုကြီးတွေပေါ့ ။ ဒီကနေ့ချိန်ထိ လက်သည်တရားခံ မပေါ်သေးဘူး။ ဒါကြောင့် ယခုလို လက်ရဲဇက်ရဲ ဖြစ်လာကြတယ်။ ဒါတွေက တိုင်းပြည်မှာ အစဉ်အလာလို ဖြစ်နေတယ်” ဟု ရခိုင်ပြည်အမျိုးသားကောင်စီ ANC ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောသည်။

ယင်းအပြင် ကောင်စီမှ ဖေဖေါ်ဝါရီ ၂ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဥပဒေရေးရာအကြံပေးနှင့် တရားရုံးချုပ်ရှေ့နေတစ်ဦးဖြစ်သော ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်း၏ နောက်ကွယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကတိကဝတ်များကို ပျက်စီးစေလိုသော၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို လက်မခံလိုသော ၊ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖြင့် နိုင်ငံရေးအာရုံလွှဲကာ နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို မလိုလားသော၊ ခါးပိုက်ဆောင်တပ်၊ လူမိုက်ဂိုဏ်းများ (Proxy Mafia) ဖြင့် လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေလျှက် နိုင်ငံ့အာဏာကို တရားမဝင် လက်ဝယ်ထိန်းသိမ်းထားလိုသော အင်အားစုများ ပါဝင်နေမည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။

“ ဦးကိုနီဟာ ကျွန်တော်တို့တိုင်းပြည် အပြောင်းအလဲထဲမှာ ဖွဲ့စည်းပုံပြောင်းလဲနိုင်ဖို့ ထဲထဲဝင်ဝင် အဓိက ပါဝင်ပတ်သက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အောက်ခြေအဆင့်ကနေ နိုင်ငံတော်အဆင့်အထိ ဥပဒေရေးရာအရ အကြံပေး၊ ပညာပေးနေသူလည်း ဖြစ်ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ UNFC တပ်ပေါင်းစုက တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း သူက ထပ်တူထပ်မျှ ဖြစ်တယ်။ သူ ဆုံးရှုံးသွားတာဟာ အားလုံးအတွက် နစ်နာမှုတစ်ရပ်ပါ။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း သွယ်ဝိုက်သောအားဖြင့် ခြိမ်းခြောက်ခံလိုက်ရတာလည်း ဖြစ်ပါတယ် ” ဟု UNFC တပ်ပေါင်းစု၏ တွဲဘက်အတွင်းရေးမှူး (၁)၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးထွန်းဇော်က ပြောသည်။

နိုင်ငံတော် ဥပဒေအကြံပေး ဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနပ်ဖြင့် အနီးကပ် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ပြီး လုပ်ကြံသူ ကြည်လင်းကို ဖမ်းမိထားပြီး ဖြစ်ကာ လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု သိရသည်။

ဦးကိုနီ သေဆုံးမှုနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးနှင့် အိန်စတီးကျူးရှင်းအဖွဲ့များမှ နိုင်ငံတော်လုပ်ကြံမှု တစ်ရပ်ဖြစ်ကြောင်း ထောက်ပြထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly