ချယ်လ်ဆီးရှုံးမှသာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဆို

ချယ်လ်ဆီးရှုံးမှသာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဆို

ဖေဖော်ဝါရီ ၂၊ အင်္ဂလန် ။             ။ ဝက်စ်ဟမ်းအသင်းကို ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ချယ်လ်ဆီးအသင်း ရှုံးပွဲများကြုံမှသာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မည်ဟု ပြောဆိုလိုက်သည်။

ယခုတစ်ပတ် ကြားရက်တွင် ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ တွင် ထိပ်ဆုံးအသင်းကြီး ခြောက်သင်း၌ မန်စီးတီးတစ်သင်းသာ နိုင်ပွဲရရှိခဲ့သည်။ ယခုနိုင်ပွဲကြောင့် မန်စီးတီးအသင်းမှာ ရမှတ် ၄၆ မှတ်ရရှိထားပြီး အဆင့်တစ် နေရာမှ ချယ်လ်ဆီးနှင့် ၁၀ မှတ်အကွာသို့ ရောက်လာခဲ့သည်။

ဂွါဒီယိုလာက ၁၀ မှတ်ဆိုသည့်ကွာဟမှုသည် အလွန်များပြားပြီး ချယ်လ်ဆီးနည်းပြအနေဖြင့် စိတ်ပူပန်စရာမရှိကြောင်းဆိုသည်။ သို့သော် ဂွါဒီယိုလာက ၎င်းတို့အနေဖြင့် ကိုယ့်ပွဲစဉ်များကိုကိုယ် အာရုံစိုက်ပြီး အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

‘ချယ်လ်ဆီးနည်းပြအနေနဲ့ အများကြီးစိတ်ပူစရာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချယ်လ်ဆီးက အားလုံးထက် ကိုးမှတ်အသာရနေလို့ပါ။ သူတို့အမှားကြောင့်ပဲ သူတို့ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ရဖွယ်ရှိပါတော့တယ်။

‘ချယ်လ်ဆီးနဲ့ အမှတ်ကွာဟမှုကို တွေးနေရင် မှားပါလိမ့်မယ်။ ကိုယ့်ပွဲကိုယ်အာရုံစိုက်ပြီး နိုင်ပွဲတွေဆက်ရဖို့ပဲ စဉ်းစားရမှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ရာသီအကုန်အထိတိုက်ပွဲဝင်သွားမှာပါ။ ဒီနည်းလမ်းအပြင် တစ်ခြားမရှိပါဘူး’ ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly