စစ်တွေရေနက်ဆိပ်ကမ်းကို မကြာမီတွင် လွှဲပြောင်းပေးမည်ဟု အိန္ဒိယသံအမတ်ပြောကြား

စစ်တွေရေနက်ဆိပ်ကမ်းကို မကြာမီတွင် လွှဲပြောင်းပေးမည်ဟု အိန္ဒိယသံအမတ်ပြောကြား
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ ဖေဖေါ်ဝါရီ ၁ ရက် ။             ။ အိန္ဒိယအစိုးရက စစ်တွေရေနက်ဆိပ်ကမ်းအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်များထံသို့ မကြာမီအချိန်အတွင်း လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အိန္ဒိယသံအမတ် Mr Vikram Misri က ပြောကြားလိုက်သည်။

“ရခိုင်ပြည်နယ်အတွက် ဒီရေနက်ဆိပ်ကမ်းဟာ အင်မတန်အရေးကြီးပြီး မကြာမီဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ထိုအခါ ကုန်ပစ္စည်းတွေကို စစ်တွေမှတစ်ဆင့် ရန်ကုန်သို့ ခရီးဆက် သွားစရာမလိုတော့ပဲ တိုက်ရိုက် သယ်ယူပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။’’ ဟု အိန္ဒိယ သံံအမတ် Mr Vikram Misri က ပြောသည်။

ယင်းပြောကြားမှုကို ဇန်နဝါရီ ၃၁ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ စစ်တွေရေနက်ဆိပ်ကမ်းအပါအဝင် စစ်တွေမြို့နယ်မှ ပလက်ဝမြို့နယ်သို့ ရေကြောင်းခရီးအတွက် သောင်များကို တူးဖော်ပြီးစီးနေပြီ ဖြစ်ကာ စတင်အသုံးပြုနိုင်ရန် အသင့်အနေအထားတွင် ရှိနေပြီး ဖြစ်ကြောင်းလည်း ယင်း တွေ့ဆုံမှုတွင် ပြောကြားချက်များအရ သိရသည်။

ရေနက်ဆိပ်ကမ်းအပါအဝင် ပြည်နယ်အတွင်း ဖောက်လုပ်နေသည့် လမ်းမကြီးများ၊ ပညာရေးနှင့် ကျန်းမာရေးကုသမှု ကိစ္စများကိုပါ အိန္ဒိယနိုင်ငံအစိုးရမှ ကူညီမှုများပြုလုပ်နိုင်ရေး ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် ရေနက်ဆိပ်ကမ်းမှ ကုန်သွယ်မှုများအပေါ် အကျိုးအမြတ်အများအပြား ရရှိရန် ပြည်နယ်အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားခဲ့သည်။

စစ်တွေရေနက်ဆိပ်ကမ်းတွင် အသုံးပြုမည့် ပြည်တွင်းရေကြောင်းသုံး သင်္ဘောကြီး ၆ စီးအနက် ၂ စီးမှာ ယခုအခါ အဆိုပါ ဆိပ်ကမ်းသို့ ရောက်ရှိနေပြီး ဖြစ်ကာ ကျန် ၄စီးမှာ မကြာမီ ရောက်ရှိလာမည်ဖြစ်ပြီး ဆိပ်ကမ်းကို ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly