ချင်းတွင်းမြစ် ရေထည်စီးနှုန်း တိုင်းတာစစ်ဆေးမှုများပြုလုပ်

ချင်းတွင်းမြစ် ရေထည်စီးနှုန်း တိုင်းတာစစ်ဆေးမှုများပြုလုပ်
(ဓာတ်ပုံ-တောင်ပေါ်ကျား)

မန္တလေး၊ ဖေဖော်ဝါရီ ၁ ။                ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်တွင် ချင်းတွင်းမြစ်ရေထုထည်စီးနှုန်းတိုင်းတာခြင်းလုပ်ငန်းကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ၊ ဇလဗေဒဌာနခွဲ၊(နေပြည်တော်)က ဖေဖော်ဝါရီလ ၁ ရက်၊ နံနက်ပိုင်းမှ စတင်လုပ်ဆောင်လျှက်ရှိသည်ဟု ဇလဗေဒဌာနခွဲ(နေပြည်တော်)မှ ဦးစီးမှူး ဦးမျိုးထွန်းဦးက မဇ္ဈိမကိုပြောသည်။

"အဓိက က ရေထုထည်စီးနှုန်းကို တိုင်းတာပါ။ နောက်တစ်ခုက မြစ်ကန့်လန့်ဖြတ် ဧရိယာကိုလည်းတိုင်းပါတယ်။ အခုလိုဘာလို့လုပ်ရလဲဆိုတော့    မြစ်ကို ပြန်လည်ဆန်းစစ်တာပေါ့။  အဆင့်သုံးဆင့်စစ်ဆေးမှုတွေလုပ်သွားမှာပါ။"ဟု ဦးမျိုးထွန်းဦးကပြောသည်။

ထိုသို့ စစ်ဆေးမှုကို ၁၉၉၉ခုနှစ်က တစ်ကြိမ်ပြုလုပ်ထားခဲ့ပြီး ထိုစဉ်က တွေ့ရှိတိုင်းတာစစ်ဆေးချက်များနှင့် ယခု တိုင်းတာစစ်ဆေးခြင်းများကို နှိုင်းယှဉ်ကာ ချစ်တွင်းမြစ်ပျက်စီးခြင်းရှိမရှိကို သုံးသပ်ကြမည်ဖြစ်ကြောင်းသိရသည်။

"အရင်ကနဲ့စာရင် အခုတွေ့တာက သောင်ခုံးတွေဖြစ်တာများလာတယ်။"ဟု ဦးမျိုးထွန်းဦးကပြောသည်။

ဒေသခံအချို့၏ အဆိုရလက်ရှိချင်းတွင်းမြစ်အခြေအနေသည် တရားမဝင်ရွှေတူးဖော်သူ အများစုကြောင့် ချင်းတွင်းမြစ်ရေပျက်စီးခြင်းနှင့်သောင်ခုံများဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့်က "မြစ်က ပိုပိုကျဉ်းလာတယ်။ ရေကလည်း ရွှေမျှောတွေက စွန့်ပစ်ပစ္စည်းတွေကြောင့် အသုံးပြုဖို့ခက်နေတယ်။ ဒီရေမသုံးလည်း တခြားရေသုံးစရာမရှိတော့ ဒါပဲသုံးနေရတယ်။ အခုလိုတွေစစ်ဆေးတာကို ကြိုဆိုပါတယ်။"ဟုပြောသည်။

ချင်းတွင်းမြစ်ရေထု စီးဆင်းနှုန်းတိုင်းတာစစ်ဆေးမှုကို ရေနည်းကာလ၊ ရေအသင့်သင့်ရှိသည့်ကာလနှင့် ရေများကာလများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly