မြောက်ဦးမြို့တည်သည့် ဖွဲ့စည်းပုံစနစ်များအား UNESCO မှ လေ့လာမှုများ ပြုလုပ်နေ

မြောက်ဦးမြို့တည်သည့် ဖွဲ့စည်းပုံစနစ်များအား UNESCO မှ လေ့လာမှုများ ပြုလုပ်နေ
ဓာတ်ပုံ - ခိုင်းလင်းစံ/RiA

မြောက်ဦး၊ ဖေဖော်ဝါရီ ၁ ရက် ။              ။ မြန်မာနိုင်ငံ၏ အထင်ကရ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်၊ မြောက်ဦး ယဉ်ကျေးမှုဇုန်အား ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် လေ့လာမှုများ ပြုလုပ်ရန် UNESCO အဖွဲ့ဝင်သုံးဦးတို့သည် မြောက်ဦးမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

၎င်းတို့သည် ဖေဖော်ဝါရီလ ၁ ရက်တွင် မြို့တည် ဖွဲ့စည်းပုံစနစ်များကို လေ့လာမှုများ ပြုလုပ်လျှက်ရှိသည်။

အဆိုပါ အဖွဲ့မှာ မြောက်ဦးယဉ်ကျေးမှုဇုန်အတွင်းမှ ရှေးမူ မပျက်တည်ရှိနေသော သမိုင်းဝင်အထောက်အထားများ၊ ယဉ်ကျေးမှု အမွေအနှစ်များအား လေ့လာဆန်းစစ်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်က သျှစ်သောင်း ပုထိုးတော်ကြီး၏ တည်ဆောက်ထားပုံများ၊ ပြုပြင် ထိန်းသိမ်းထားမှုများအား UNESCO ၏ စံနှုန်းများနှင့် ကိုက်ညီမှု ရှိမရှိ ဆန်းစစ်ခဲ့ပြီး ဟရီတောင်ပေါ်မှ မြို့အနေအထားများကို လေ့လာခဲ့ကြသည်။

“ကျွန်မတို့ အခုလာတာက ပဏာမဆန်းစစ်တဲ့ ခရီးစဉ်ပဲဖြစ်ပါတယ်။ အခုအချိန်ထိကတော့ အမွေအနှစ်လက်ရာတွေ အများကြီး ကျန်ရှိနေသေးတာကို တွေ့ရပါတယ်။ အသစ်ပြန်ပြင်ထားတာတွေကိုလည်း   တွေ့ရပါတယ်။ ဒေသခံတွေရော၊ အစိုးရရော၊ ပညာရှင်တွေရောပေါ့ ဘယ်လိုမျိုးထိန်းသိမ်းကြမလဲ ဆိုတာကိုတော့ ဝိုင်းဝန်းစဉ်းစားဖို့လိုပါလိမ့်မယ်။” ဟု အမျိုးသား ယဉ်ကျေးမှုစီမံကိန်း ညှိနှိုင်းဆောင်ရွက်ရေးမှူး မြန်မာနိုင်ငံတာဝန်ခံ ဒေါ်ဥမ္မာမျိုးက ပြောသည်။

ယင်းအပြင် ယနေ့ ဒုတိယမြောက်နေ့ လေ့လာမှုများမှာ မြို့တည် ဖွဲ့စည်းပုံစနစ်များ၊ ယဉ်ကျေးမှုဇုန်အတွင်း ထူးခြားသည့် လက္ခဏာများနှင့် ထိန်းသိမ်း စောင့်ရှောက်ထားမှု အနေအခထားများကို   လေ့လာလျှက်ရှိပြီး မြို့တည်ဖွဲ့စည်းပုံအား မြင်တွေ့နိုင်သည့် နန်းတော်ရာကုန်း၏ အရှေ့ဘက်တွင် တည်ရှိသော ရွှေတောင်နှင့် နန်းတော်ရာကုန်း၏ မြောက်ဘက်တွင် တည်ရှိသော အမြင့်တောင်ခံတပ်ပေါ်သို့ တက်ရောက်ကာ လေ့လာခဲ့ကြခြင်းလည်း ဖြစ်သည်။

“ ထိန်းသိမ်းမှုအပိုင်းမှာ လိုအပ်နေတာလေးတွေရှိဦးမယ်။ အမွေအနှစ်တွေရဲ့ တန်ဖိုးဘယ်လောက်ကြီးလဲဆိုတာကို ဒီဒေသမှာနေတဲ့ ပြည်သူတိုင်းက သဘောပေါက်ဖို့လိုပါတယ်။ သူများ အကူအညီကိုပဲ စောင့်မနေဘဲနဲ့ ကိုယ့် အမွေအနှစ်တွေကို မထိခိုက် မပျက်စီးသွားအောင် အတတ်နိုင်ဆုံး ဝိုင်းဝန်းထိန်းသိမ်းဖို့လိုပါတယ်။” ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။

ယင်းအဖွဲ့တွင် UNESCO ထိုင်းနိုင်ငံမှ Mrs-Doung Bich Hanh၊ UNESCO မြန်မာနိုင်ငံမှ Mrs-Min Jeong Kim နှင့် အမျိုးသားယဉ်ကျေးမှုစီမံကိန်း ညှိနှိုင်းဆောင်ရွက်ရေးမှူး   မြန်မာနိုင်ငံတာဝန်ခံ ဒေါ်ဥမ္မာမျိုးတို့ ဖြစ်ကြပြီး မြောက်ဦး ယဉ်ကျေးမှုဇုန်အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဒေသအဖြစ်သတ်မှတ်နိုင်ရေးအတွက် ကနဦး လာရောက်လေ့လာမှုများ   ပြုလုပ်နေကြခြင်းဖြစ်သည်။

ယင်းအပြင် အဖွဲ့အနေဖြင့် မြောက်ဦးဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲတွင် ထည့်သွင်းဖို့ တိုက်တွန်းမှုများ ပြုလုပ်ခွင့်မရှိသည့်အတွက် ထိန်းသိမ်းမှုအပိုင်းနှင့် လိုအပ်သည့် နည်းပညာများကိုသာ ပံ့ပိုးပေးနိုင်မည်ဖြစ်ကာ UNESCO စာရင်းဝင် ဒေသဖြစ်လာနိုင်ရန်အတွက် ပြည်သူများက လိုလားမှုရှိရန် လိုအပ်ပြီး အစိုးရ၏ တင်ပြလျှောက်ထားမှု အပေါ်တွင် မူတည်ကြောင်း လေ့လာရန် ရောက်ရှိနေသော UNESCO အဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags