မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် သိန္နီတံတား ပြန်လည်ဖွင့်လှစ်

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် သိန္နီတံတား ပြန်လည်ဖွင့်လှစ်
ဓာတ်ပုံ စိုင်းအွမ်လှိုင်းဝမ်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် ။             ။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးအထွက် ချင်းရွှေဟော်သွားလမ်းတွင်ရှိသည့် သိန္နီတံတားကို ဖေဖော်ဝါရီ ၁ရက် နံနက်က ပြန်လည်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

“ဒီတံတားကို ဒီနေ့မနက် ၉ နာရီကျော်မှာ သက်ဆိုင်ရာ ဌာနတွေက တာဝန်ရှိသူတွေ လာရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒေသခံတွေ အယောက် ၅၀၊ ၆၀ လောက် တက်ရောက်ခဲ့ပါတယ်။ ဒီတံတား ဖောက်ခွဲခံရပြီးနောက်ပိုင်း ဆောက်လုပ်ရေးဘက်က ၂ လကျော်ကြာ အချိန်ယူပြီး ပြုပြင်ခဲ့ပါတယ်” ဟု သန္နီမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ စိုင်းနော်ခမ်းက မဇ္ဈိမကိုပြောသည်။

အဆိုပါ တံတားဖောက်ခွဲခံရပြီး နောက်ပိုင်းတွင် ကုန်တင်ကားကြီးများ အသွားအလာ အချိန်ခွဲထားသဖြင့် တစ်ဖက်နှင့်တစ်ဖက် စောင့်ဆိုင်းပြီးမှ သွားလာရကြောင်း သိရသည်။

“သွားရေးလာရေးလွယ်ကူသွားတာပေါ့။ ကားလမ်းမပိတ်တော့ဘူးလေ။ ခါတိုင်းတဖက်သွား ဆိုတော့ အလှည့်ကျသွားရတာလေ” ဟု သန္နီမြို့နယ် ဒေသခံလူငယ် စိုင်းအွမ်လှိုင်းဝမ်းက မဇ္ဈိမကိုပြောသည်။

အဆိုပါ တံတားကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly