ငြိမ်းချမ်းရေး သဘောတူထားသည့် ကိုလံဘီယာ FARC သူပုန်များ၏ လက်နက်ဖြုတ်သိမ်းမှုလုပ်ငန်းစဉ် စတင်

ငြိမ်းချမ်းရေး သဘောတူထားသည့် ကိုလံဘီယာ FARC သူပုန်များ၏ လက်နက်ဖြုတ်သိမ်းမှုလုပ်ငန်းစဉ် စတင်

ဖေဖော်ဝါရီ ၁ ။              ။ ကိုလံဘီယာအစိုးရနှင့် ငြိမ်းချမ်းရေး ရယူနိုင်ခဲ့သည့် FARC သူပုန်အုပ်စုမှ လက်နက်ကိုင် ၆,၃၀၀ ခန့်မှာ ၎င်းတို့၏လက်နက်စွန့် ဖြုတ်သိမ်းမှုများ လုပ်ဆောင်သွားရန် သတ်မှတ်နေရာများသို့ စတင်စုရုံးရောက်ရှိလာနေပြီဖြစ်သည်။

" ဒီနေ့ထိ သူပုန်အဖွဲ့သား ၄,၃၂၉ ယောက်လက်နက်ဖြုတ်သိမ်းရေး ဇုန်တွေထဲကို ဝင်လာဖို့ရှိတယ်၊ နောက်ထပ်လည်း ဒီနေ့နဲ့ မနက်ဖြန်မှာပဲ နောက်ထပ် ကျန် သူပုန် ၂,၀၀၀ ဆက်ဝင်လာဖို့ရှိနေပါတယ်" ဟု ရဲမင်းကြီး ဆာဂျီယို ဂျာရာမီလိုက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

အလားတူ ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်အင်အားစု FARC တပ်သားများအနေဖြင့် ယင်းသတ်မှတ်ဇုန်များအတွင်း ၎င်းတို့ကိုယ်ပိုင်နေထိုင်စရာ နေအိမ်ရပ်ကွက်များ တည်ဆောက်ရာတွင် ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

တစ်ချိန်တည်းတွင်မှာလဲ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေအောက်တွင် အကျဉ်းထောင်များအတွင်းမှလွတ်လာသော သူပုန်တပ်သားများကိုလည်း ၎င်းတို့၏ ရဲဘော်ရဲဘက်များနှင့် ပူးပေါင်းခွင့် ပေးသွားမည်ဟုလည်း ဆာဂျီယိုက ပြောသည်။

သို့ရာတွင်လည်း FARC သူပုန်တပ်ဖွဲ့ကို ထောက်ပံ့ပို့ဆောင်မှုများလုပ်ဆောင်ပေးခဲ့သည့် အရန်တပ်သားများမှာမူ ယခု သတ်မှတ်ဇုန်များအတွင်းမှ နေအိမ်ရပ်ကွက်များတွင် ဝင်ရောက်နေထိုင်ခွင့် ရမည်တော့မဟုတ်ဟုလည်း သိရသည်။

၅၂ နှစ်ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့သော ငြိမ်းချမ်းရေးစာချုပ်တစ်ရပ်ကို ပြီးခဲ့သည့် နိုဝင်ဘာက ကိုလံဘီယာ သမ္မတ မန်နျူရယ် ဆန်းတို့စ် နှင့် FARC သူပုန်အဖွဲ့တို့အကြား လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယခုကဲ့သို့ သူပုန်များ လက်နက်စွန့်လုပ်ငန်းစဉ်ကို လုပ်ဆောင်နေခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly