အုတ်တွင်းမြို့နယ် ရှိတောင်သူဦးရေလေးရာကျော် ကိုလျော်ကြေးငွေပေးမည် ဟုဆောက်လုပ်ရေး ဒုဝန်ကြီးပြော

အုတ်တွင်းမြို့နယ် ရှိတောင်သူဦးရေလေးရာကျော် ကိုလျော်ကြေးငွေပေးမည် ဟုဆောက်လုပ်ရေး ဒုဝန်ကြီးပြော

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ရာတွင် နစ်နာခဲ့သည့် အုတ်တွင်းမြို့နယ်ရှိ တောင်သူ ၄၄၅ ဦးကိုလျော်ကြေးငွေ အဖြစ် ကျပ်သန်းပေါင်း ၁,၅၅၈ ဒသမ ၉၂ သန်း ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်ကပြောသည်။

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ရှိ တောင်သူ ၄၄၅ ဦး၏ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်မြေနှင့်မြေလွတ်မြေရိုင်း ပေါင်း ၁,၀၃၉ ဒသမ ၂၈ ဧကအတွက် တစ်ဧကလျှင် ၁၅ သိန်းနှုန်းဖြင့် ကျပ်သန်း ၁,၅၀၀ ကျော်ကို မြို့နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီမှ တစ်ဆင့် လျော်ကြေးငွေအဖြစ် ပေးအပ်သွားမည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး ဖောက်လုပ်ရာ၌ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှ လမ်းမြေ အသုံးပြု ရာတွင် ဥယျာဉ်ခြံမြေများနှင့် လယ်ယာမြေများအတွက် နစ်နာကြေးပေးလျော်ရန် ကြန့်ကြာနေခြင်းနှင့်ပတ်သက်၍ အမျိုးသား လွှတ်တော်အမတ် ဦးမင်းဦး ၏မေးခွန်းထုတ်မှုအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်က ဇူလိုင် ၂၃ ရက် အမျိုးသားလွှတ်တော် အစည်း အဝေးတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လျော်ကြေးငွေများကို ယခုလ ၂၉၊ ၃၀ ရက်တွင် လက်ရှိ ဘဏ္ဍာနှစ်၏  ပြည်ထောင်စုငွေလုံး ငွေရင်း ရန်ပုံငွေမှပေးအပ်သွား    မည်ဖြစ်သည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် အပါအဝင် ကျောက်တံခါးမြို့နယ်နှင့်ရေတာရှည် မြို့နယ်အတွင်း ရှိကျေးရွာများ၏ လယ်ယာမြေများ ထိခိုက်ဆုံးရှုံးမှုအပေါ် သက်ဆိုင်ရာ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီများဖြင့် စိစစ်ခဲ့ပြီးဖြစ်ကာ ပဲခူးတိုင်း အစိုးရအဖွဲ့နှင့် ဆက်လက်ညှိနှိုင်းနေသည်ဟု ဒုဝန်ကြီးက လွှတ်တော်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly