အတိုက်အခံအဖွဲ့၏ ဌာနချုပ်အား ရောင်းပစ်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟန်ဆန် ခြိမ်းခြောက်ခဲ့

အတိုက်အခံအဖွဲ့၏ ဌာနချုပ်အား ရောင်းပစ်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟန်ဆန် ခြိမ်းခြောက်ခဲ့

ဇန်နဝါရီ ၃၁ ။                   ။ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟန်ဆန်သည် ယနေ့အင်္ဂါနေ့တွင် အတိုက်အခံခေါင်းဆောင် ဆမ်ရိန်စီ၏ပိုင်ဆိုင်မှုများ အားသိမ်းပိုက်မည်ဖြစ်ကြောင်းနှင့် အကယ်၍   ပြည်နှင်ဒဏ် ခံရသော နိုင်ငံရေးသမား   ဖြစ်သူနှင့် ရင်ဆိုင်နေရသည့် အသရေဖျက်မှုအမှုကိစ္စတွင် သူအနိုင်ရရှိခဲ့ပါက အတိုက်အခံပါတီ၏ ဌာနချုပ်ကိုပါ   ရောင်းချသွားမည်ဖြစ်ကြောင်း   ခြိမ်းခြောက်ခဲ့သည်။

၃၂နှစ်ကြာမြဲမြံစွာအာဏာဆုပ်ကိုင်ထားသည့်ဟန်ဆန်၏သြဇာအာဏာအားချိုးဖျက်ရန်အတွက်ကြိုးပမ်းနေကြ သောကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင်များသည်တရားစွဲဆိုခံရလေ့ရှိပြီးယခုဖြစ်စဉ်သည်နောက်ဆုံးပေါ် ပေါက်ခဲ့သောဖြစ်စဉ်တစ်ခုဖြစ်သည်။

လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များက အာဏာရှင်ဖြစ်သူဟန်ဆန်သည် ယခုနှစ်တွင်ကျင်းပမည့်ဒေသတွင်း ရွေးကောက်ပွဲမတိုင်မီနှင့် ၂၀၁၈ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီတွင် သူ၏အတိုက်အခံများအား ဖိအားများအောက်သို့ ရောက်ရှိအောင် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ပြောခဲ့ကြသည်။

ယခုနောက်ဆုံးပေါ်ပေါက်ခဲ့သောတရားစွဲဆိုမှုသည် ဟန်ဆန်၏ထိပ်သီးရန်သူဖြစ်သူဆမ်ရိန်စီက လွန်ခဲ့သော ရက်သတ္တပတ်များကပြောကြားခဲ့သောမိန့်ခွန်း၌ ဟန်ဆန်သည် အကျင့်ပျက်ခြစားမှု ကျူးလွန်ထားသည်ဟု စွပ်စွဲခဲ့မှုကြောင့် သူ့အား ဟန်ဆန်က အသေရေဖျက်မှုဖြင့် တရားပြန်စွဲထားခြင်းဖြစ်သည်။

“ကျနော်ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်မြန်မြန် အပြီးသတ်ဖို့ကို စောင့်နေပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျနော်ငွေယူ သွားဖို့ရှိပါတယ်။ ကျနော်ဒေါ်လာတစ်သန်း တောင်းဆိုထားပါတယ်” ဟု ဝန်ကြီးချုပ်ဟန်ဆန်က ယနေ့အင်္ဂါနေ့ တွင်ပြောခဲ့သည်။

“ကျနော်သိရသလောက်အတိုက်အခံပါတီရဲ့ဌာနချုပ်ဟာဆမ်ရိန်စီရဲ့နာမည်နဲ့ပိုင်ဆိုင်ထားတာပါ။ဒါကြောင့်မို့ ပါတီရဲ့ဌာနချုပ်ကိုလေလံတင်သွားပါမယ်” ဟု သူကအစည်းအဝေး၌ပြောခဲ့ပြီး အဆိုပါ အတိုက်အခံနိုင်ငံရေး သမား၏ ပိုင်ဆိုင်မှုများကိုပါ သိမ်းပိုက်ပြီးရောင်းချသွားမှာဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ရရှိလာသော ငွေကြေးများကို ကိုယ်လက်အင်္ဂါချို့တဲ့သူများအတွက် အဆောက်အဦးများ ဆောက်လုပ်ရာတွင် အသုံးပြုသွားမည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly