တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့်စပ်လျင်း၍ ကုလသမဂ္ဂ ထုတ်ပြန်ချက်

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့်စပ်လျင်း၍ ကုလသမဂ္ဂ ထုတ်ပြန်ချက်

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ။                   ။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံခဲ့ရသည့်ဖြစ်စဉ်နှင့် စပ်လျင်း၍ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ Resident Coordinator ဖြစ်သူက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချသွားခဲ့သည်။ အလားတူ လုပ်ကြံခံလိုက်ရသည့် ဦးကိုနီ၏ ကျန်ရစ်သူ မိသားစု၊ ဆွေမျိုးသူငယ်ချင်းများနှင့် အပေါင်းအဖော်များနှင့် ထပ်တူ ဝမ်းနည်းမိကြောင်း ကုလတာဝန်ရှိသူက ပြောကြားလိုက်သည်။ ယင်းအပြင် ယင်းဖြစ်စဉ်တွင် လုပ်ကြံသူကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းရင်း အသက်စွန့်သွားခဲ့ရသည့်  ဦးနေဝင်း၏  ဖြစ်စဉ်အတွက်လည်း ၎င်းက ပြစ်တင်ရှုံ့ချသွားခဲ့ပြီး ၎င်း၏ ကျန်ရစ်သူမိသားစု၊ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဘက်များနှင့် ထပ်တူဝမ်းနည်းကြောင်း   ပြောကြားသွားပြီး ဦးနေဝင်း၏ ရဲရင့်မှု၊ စွန့်လွှတ်အနစ်နာခံမှုတို့ကို ချီးကျူးသွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် အဓိကကျူးလွန်ခဲ့သူကိုလည်း အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ရာတွင် ပါဝင်ကြိုးပမ်းခဲ့သည့် တာဝန်သိပြည်သူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ လုပ်ဆောင်ချက်များကိုလည်း ကုလသမဂ္ဂက အသိအမှတ်ပြုခဲ့သည်။ ယခုအခါ လုပ်ကြံမှုနှင့်စပ်လျင်း၍ သေချာစေ့စပ်စွာ စုံစမ်းဖော်ထုတ်နိုင်ရေး၊ နောက်ကွယ်မှ စေခိုင်းသူများကို ဖော်ထုတ်အရေးယူနိုင်ရေးတို့အတွက်   မြန်မာအစိုးရဘက်က   စောလျင်စွာ လုပ်ဆောင်သွားရမည်ပင်ဖြစ်သည်။  တရားဥပဒေစိုးမိုးရေးအတွက် အစိုးရ၏ ခိုင်မာသည့် ဆောင်ရွက်ချက်များကို ပြည်သူလူထုအနေဖြင့် မြင်တွေ့ရမည်ဖြစ်ကာ ဒီမိုကရေစီ အသိုင်းအဝိုင်းတစ်ခုတွင် အစိုးရအနေဖြင့် ယင်းကဲ့သို့ ကျူးလွန်မှုများကို မည်သည်နည်းနဲ့မျှ လက်မခံဘဲ အရေးယူဖော်ထုတ်စီရင်မှုကို ပြည်သူများ သိရှိကြရမည်ဖြစ်သည်။

ဦးကိုနီမှာ ထင်ရှားသည့် ဖွဲ့စည်းပုံဥပဒေကျွမ်းကျင်သူ ရှေ့နေတစ်ဦးဖြစ်သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥပဒေပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်သည်။ ဦးကိုနီမှာ သူချစ်သော မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျပြီး တည်ငြိမ်အေးချမ်းသော အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်ရေးအတွက် လူမှုတရားမျှတမှုနှင့်လူ့အခွင့်အရေးပိုင်းတို့အတွက် ကာလကြာ မမောနိုင်မပန်းနိုင်တောက်လျှောက် ကြိုးပမ်းအားထုတ်ပေးခဲ့သူဖြစ်သည်။

ကျင်းပခဲ့သည့် ဦးကိုနီ၏ ဈာပန အခမ်းအနားသို့ အလွှာပေါင်းစုံမှ လူအမြောက်အမြား တက်ရောက်လာကြသည့်အတွက် ကုလ Resident Coordinatorအနေဖြင့် များစွာ အားတက်မိခဲ့သည်။ ဦးကိုနီကို ဆုံးရှုံးလိုက်ရသော်လည်း မတူညီသည့် အသိုင်းအဝိုင်းအားလုံးမှ ခေါင်းဆောင်များ၊ ပြည်သူလူထုများအနေဖြင့် အမုန်တရားနှင့် အကြမ်းဖက်မှုနှင့် ရင်ဆိုင်ရာတွင် ညီညွတ်စည်းလုံးစွာ ဆန့်ကျင်ကြပြီး လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့အတွက် မဆုတ်မနစ် ဆက်လက်လုပ်ဆောင်ကြမည်ဟု ယုံကြည်မိသည်။ ဦးကိုနီ၏ အကောင်းဆုံး ကြိးပမ်းစွမ်းဆောင်ထားခဲ့သည့်တန်ဖိုးများ၊ ပိုမိုပြီးပြည့်စုံပြီး သဟဇာတရှိနိုင်ငံတစ်နိုင်ငံသို့ ၎င်း၏ မျှော်မှန်းလုပ်ဆောင်ခဲ့ခြင်းတို့အတွက် ၎င်းအား ကောင်းစွာ ဂုဏ်ပြုသွားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly