ကနေဒါအဆိုတော် The Weeknd သည် အဆိုတော်နှင့်တေးရေးဖြစ်သူ ဂျွန်မေယာအား Billboard ထိပ်သီး အယ်လ်ဘမ်၂၀၀၏ နံပါတ်တစ်နေရာကို ရယူခွင့်မပေးဘဲ လေးပတ်ဆက်တိုက် ထိပ်ဆုံးနေရာမှ ရပ်တည်နေကြောင်း Nielsen SoundScan မှစာရင်းများအရ သိရသည်။
The Weeknd ၏ Starboy သီချင်းအယ်လ်ဘမ်သည်ထွက်ရှိထားသည်မှာ ၉ ပတ်ကျော်လာပြီဖြစ်သော်လည်း တစ်ပတ်အတွင်းအချပ်ရေ ၅၆၀၀၀ဆက်လက်ရောင်းချနေရပြီး ဂျွန်မေယာ၏ သီချင်းအယ်လ်ဘမ်အသစ် The Search For Everything ဟာတော့ အချပ်ရေ ၄၉၀၀၀ အထိရောင်းချထားရပါသည်။
ပြီးခဲ့သောတနင်္လာနေ့က အဆိုတော်ဂျွန်မေယာသည် သူ၏အယ်လ်ဘမ်သစ်ကိုကြော်ငြာသည့်အနေဖြင့် မြောက်အမေရိကန်နှင့်ဥရောပသို့ လှည့်လည်ဖျော်ဖြေပွဲ ပြုလုပ်မည့် အစီအစဉ်အား ကြေညာခဲ့ပြီးလာမည့် မတ်လ ၃၁ရက်နေ့တွင် နယူးယောက်ရှိ အယ်လ်ဘေနီမြို့မှ စတင်ကာ လန်ဒန်မြို့၌မေလတွင် အဆုံးသတ်မည်ဖြစ်သည်။
သီချင်းအယ်လ်ဘမ်အသစ်များနည်းပါးစွာထွက်ရှိခဲ့သောအပတ်ထဲ၌ ဇယား၏နံပါတ်၃ နေရာအား အော်စကာဆု အတွက်တစ်ကြိုပေးခံထားရသော La La Land ဇာတ်ကားမှသီချင်းများက ရယူထားပါသည်။
Billboard ထိပ်သီးအယ်လ်ဘမ်၂၀၀ဇယားသည် ရောင်းချရသည့်အယ်လ်ဘမ်အချပ်ရေ၊ သီချင်းတစ်ပုဒ်ချင်းစီ ရောင်းရသည့်အရေအတွက် (သီချင်းဆယ်ပုဒ်သည် အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ)၊ အင်တာနက်၌ထုတ်လွှင့် နားထောင်ခံရမှုအကြိမ်ရေ (အကြိမ်၁၅၀၀ထုတ်လွှင့်နားဆင်မှုသည်အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့ကို ရေတွက်ပြီး ထိပ်ဆုံးနေရာအားဆုံးဖြတ်ခြင်းဖြစ်ပါသည်။