လက်ရှိတိုက်စစ်မှာ ရှုံးပွဲမရှိအသင်းထက်ပင် ပိုကောင်းသေးသည်ဟု အာစင်ဝင်းဂါးပြော

လက်ရှိတိုက်စစ်မှာ ရှုံးပွဲမရှိအသင်းထက်ပင် ပိုကောင်းသေးသည်ဟု အာစင်ဝင်းဂါးပြော

ဇန်နဝါရီ ၃၁၊ လန်ဒန်။          ။ အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက လက်ရှိတိုက်စစ်မှာ ၂၀၀၃-၀၄ ရာသီက ၎င်း၏ကျော်ကြားလှသော ရှုံးပွဲမရှိအသင်းထက်ပင် ပိုကောင်းသေးသည်ဟု ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် အက်ဖ်အေဖလားပွဲဖြစ်သော ဆောက်သမ်တန်နှင့်ပွဲတွင်ခြေစွမ်းပြပြီး ၅-၀ ဂိုးဖြင့်အနိုင်ရကာ ၁၆ သင်း အဆင့်သို့ တက်ရောက်ထားသည်။

ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ကိုအနားပေးထားသည့် ယင်းပွဲတွင် ဝဲလ်ဘတ်က နှစ်ဂိုး၊ ဝဲလ်ကော့တ်က သုံးဂိုးသွင်းခဲ့ပြီး ဆန်းချက်ဇ်သည် ဒုတိယပိုင်းတွင် လူစားဝင်ကစားခဲ့သော်လည်း အိုဇေးလ်မှာ တစ်ပွဲလုံးချန်လှပ်ခံခဲ့ရသည်။

ကစားသမားများဒဏ်ရာကင်းနေပါက တိုက်စစ်ပိုင်းလေးနေရာအတွက် ဝင်းဂါးတွင် လူးကပ်စ်ပီရက်ဇ်၊ ဂျရူးဒ်၊ အီဝိုဘီ၊ ချမ်ဘာလိန်၊ ရမ်ဆေး တို့ရှိနေကြသေးသည်။

ပရီးမီးယားလိဂ်ကိုရှုံးပွဲတစ်ပွဲမှကြုံတွေ့ရခြင်းမရှိဘဲ ဗိုလ်စွဲစဉ်က တိုက်စစ်မြားဦးတွင် အွန်နရီနှင့် ဘားကမ့်ပ်တို့က ဦးဆောင်ခဲ့ပြီး တောင်ပံတွင် ပီရက်စ်နှင့် ယွန်းဘတ်တို့ဖြင့် ဝန်းရံခဲ့သည်။

အရန်ကစားသမားစာရင်းတွင် ဝီးလ်တော့ဒ်၊ ကနူး၊ ရေးယက်စ်တို့ရှိခဲ့ကြသော်လည်း လက်ရှိအစုအဖွဲ့က အရေအတွက်ပိုမို များပြားနေခဲ့သည်။

“အရည်အတွက်ရော၊ အရည်အချင်းပါပြည့်စုံမှ အကောင်းဆုံးတိုက်စစ်အစုအဖွဲ့လို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်တို့မှာ ခြေစွမ်းပြနိုင်သလို ဂိုးတွေလဲသွင်းနိုင်တဲ့ ကစားသမားတွေများများစားစား ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

ဘားကမ့်ပ်၊ အွန်နရီပြီးတော့ ဗန်ပါစီကသူတို့နောက်က ပေါ်လာတယ်။ ဝီးလ်တော့ဒ်နဲ့ ပီရက်စ်လည်း မဆိုးပါဘူး။ သူတို့မှာ အရည်အချင်းရှိကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခုဆိုရင် ပိုများတဲ့ကစားသမားအရေအတွက်ကို ပိုင်ဆိုင်ထားပြီ။

သူတို့ကို ကျွန်တော်ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့ မေးခွန်းကတော့ မေးခွန်းကောင်းပါပဲ။ ဒါပေမဲ့ ကျွန်တော်မသိဘူး။ နောက်ပွဲ အတွက် သင့်တော်မယ့်သူကိုပဲ စဉ်းစားရွေးချယ်နေရတယ်။

တစ်ခါတရံမှာ ကစားသမားမျက်နှာပေါ်က ပြဿနာကိုကြည့်ပြီး ရွေးရတယ်။ တစ်ခါတရံမှာ ကြံ့ခိုင်မှုကိုကြည့်ပြီးရွေးရတယ်။ ဥပမာပြောရရင် ပြီးခဲ့တဲ့သုံးရက်လောက်က ကစားထားတဲ့ ကစားသမား ကြံ့ခိုင်မှုပြန်ပြည့်ပြီလား မပြည့်သေးဘူးလားဆိုတာ ကြည့်ရတာမျိုးပေါ့။

ဆုံးဖြတ်ချက်ကိုအရိုးသားဆုံးချမှတ်ရမှာဖြစ်ပြီး လူတိုင်းကိုအခွင့်အရေးပေးနိုင်အောင် လုပ်ဖို့လိုပါတယ်”ဟု ဝင်းဂါးက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly