ကွယ်လွန်သူ ဦးအောင်သောင်း အတွက်ပြည်ထောင်စု လွှတ်တော် တွင်မေတ္တာပို့

ကွယ်လွန်သူ ဦးအောင်သောင်း အတွက်ပြည်ထောင်စု လွှတ်တော် တွင်မေတ္တာပို့

နေပြည်တော်၊ ဇူလိုင် ၂၃ ။        ။ ဦးနှောက်သွေးကြောပေါက်မှုကြောင့် ဆေးရုံတက်ပြီး နှစ်ပတ်အကြာတွင် ကွယ်လွန် သွားသော တောင်သာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းအတွက် ဝမ်းနည်းကြောင်းကို ဇူလိုင် ၂၃ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နာယက သူရဦးရွှေမန်းအပါအဝင် လွှတ်တော်အမတ်များ က နှစ်မိနစ်တိတိ မတ်တပ်ရပ် ငြိမ်သက်ပြီး ဆုတောင်း မေတ္တာပို့ပေးကြသည်။

စင်္ကာပူနိုင်ငံ၊ မောင့်အဲလီးဘက် ဆေးရုံတွင် ဇူလိုင် ၂၃ရက်၊ မြန်မာစံတော်ချိန် ၈နာရီ၊ ၁၅မိနစ်တွင် ကွယ်လွန် သွားသည့် ဦးအောင်သောင်းအတွက် အထူးဝမ်းနည်းကြောင်း ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်းတင်ပြီး နောက် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ကွယ်လွန်သူ ကောင်းရာသုဂတိရောက်စေရန် မေတ္တာပို့ပေးကြခြင်းဖြစ်သည်။

“ဝမ်းနည်းကြောင်းအဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်း၊ လွှတ်တော်ကအတည်ပြု မှတ်တမ်းတင်ခြင်းနှင့် နှစ်မိနစ်ငြိမ်သက် ၍ မေတ္တာပို့သခြင်းတို့ကို ဓာတ်ပုံနှင့်တကွ သပ်ရပ်စွာမှတ်တမ်းပြုလုပ်၍ သက်ဆိုင်သူရဲ့ အမွှေခံထံသို့ ပြည်ထောင်စုလွှတ်တော် ရုံးက ပေးပို့ရန်ဖြစ်ပါတယ်” ဟုလည်း လွှတ်တော်နာယက သူရဦးရွှေမန်းက ညွှန်ကြားထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံတစ်ဦးလည်းဖြစ်သူ ဦးအောင်သောင်းသည် နေပြည်တော်၊ ရာဇသင်္ဂဟအိမ်ရာရှိ နေအိမ်တွင် ဇူလိုင်လ ၈ ရက်ည ၁၁ နာရီခန့်က သတိလစ်မူးလဲသွားသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရသည်။ ယင်းနောက် သက်သာမှု မရှိသည့်အတွက် ဇူလိုင် ၉ရက်တွင် စင်ကာပူနိုင်ငံတွင် သွားရောက်ကုသပြီး ရက်သတ္တပတ် နှစ်ပတ်အကြာတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

“လွှတ်တော်မှာ သူ့ဆောင်ချက်တွေအများကြီးရှိပါတယ်။ အခုလိုဖြစ်သွားတာတော့ တစ်ကယ်စိတ်မကောင်းဘူး” ဟု ဦးအောင်သောင်းကွယ်လွန်မှုအပေါ် ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ဝမ်းနည်းစကားဆိုသည်။

ဦးအောင်သောင်းသည် ပြည်သူ့လွှတ်တော်၏ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဥက္ကဌလည်းဖြစ်သည်။

ဦးအောင်သောင်းကွယ်လွန်မှုအတွက်  ဝမ်းနည်းကြောင်းအဆိုတင်သည့် အမရပူရမြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းထွန်းဦးကလည်း “လွှတ်တော်ကပေးအပ်သည့်တာဝန်များကို ကျန်းမာရေးအရ ဆေးရုံသို့မ ရောက်ရှိသေးမှီ ကာလအထိ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်” ဟု ဦးအောင်သောင်းကို ရည်ညွှန်းကာ လွှတ်တော်တွင် ပြောသည်။

စင်္ကာပူနိုင်ငံတွင်ကွယ်လွန်သွားသည့် ဦးအောင်သောင်း၏ ခန္ဓာကိုယ် အားလေယာဉ်ဖြင့်မြန်မာနိုင်ငံ သို့ပြန်လည်သယ်ဆောင် ကာ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်ရတနာမွန် အိမ်ရာအတွင်းရှိ နေအိမ်တွင်ထားရှိမည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ တာဝန်ရှိသူတစ်ဦး ကပြောသည်။ ဈာပနအခမ်းအနားနှင့် သြင်္ဂိုလ်မည့်ရက်ကိုမူ အတိအကျမသိသေးဟု ၎င်းက ဆိုသည်။

ဦးအောင်သောင်း၏ ကိုယ်ရေးအကျဉ်း

ဦးအောင်သောင်းသည် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျောက္ကာရွာဇာတိဖြစ်ပြီး ၁၉၆၂ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။

အထက်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၄ခုနှစ်တွင် မှော်ဘီ ဗိုလ်သင်တန်းအပတ်စဉ် ၃၁သို့ တက်ရောက်ခဲ့ပြီး တပ်မတော်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ခလရ (၉၅)၊ ခလရ (၆၇)၊ တမခ (၆၆)၊ ခမရ (၁၀၉)၊ ကစထ (၁)၊ ခလရ (၇)၊ ရပခ၊ လပခ တပ်များတွင် တပ်ရင်းမှူး၊ ဗျူဟာမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၁ခုနှစ်တွင် မကွေးတိုင်း တဝတ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။

၁၉၉၃ခုနှစ်တွင် ကုန်သွယ်ရေးဝန်ကြီး ဌာန၏ ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း၊ ၁၉၉၆ခုနှစ်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း၊ ၁၉၉၇မှစ၍ ၂၀၁၀ပြည့်နှစ်ထိ ၁၃နှစ်ကြာ စက်မှု ၁ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။

 ၂၀၁၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တောင်သာမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် အမတ်ဖြစ်လာသည်။

နောက်ဆုံးကွယ်လွန်ချိန်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံအဖြစ် တာဝန်ယူသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly