ကိုပါဒယ်ရေးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဘာစီလိုနာအသင်းနှင့် တွေ့ဆုံရခြင်းကို အက်သလက်တီကိုအသင်း နည်းပြဆီမြွန်နီ ကျေနပ်

ကိုပါဒယ်ရေးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဘာစီလိုနာအသင်းနှင့် တွေ့ဆုံရခြင်းကို အက်သလက်တီကိုအသင်း နည်းပြဆီမြွန်နီ ကျေနပ်
 

ဇန်နဝါရီ ၂၉၊ စပိန် ။                     ။ ယခုနှစ် ကိုပါဒယ်ရေးပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ပြည်တွင်းအဓိကပြိုင်ဘက် ဘာစီလိုနာအသင်းနှင့် တွေ့ဆုံနေခြင်းကို ကျေနပ်မိကြောင်း အက်သလက်တီကိုအသင်း နည်းပြဆီမြွန်နီက ပြောဆိုခဲ့သည်။

အက်သလက်တီကိုအသင်းသည် ကွာတားဖိုင်နယ်အဆင့်တွင် အီဘာအသင်းကို နှစ်ကျော့ပေါင်း(၅-၂)ဂိုးဖြင့် အနိုင်ရခဲ့ပြီး မဲခွဲမှုအရ လက်ရှိချန်ပီယံဘာစီလိုနာအသင်းနှင့် တွေ့ဆုံနေခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဘာစီလို နာအသင်းနှင့် ဆီမီးဖိုင်နယ်အဆင့်တွင် စောစောစီးစီးတွေ့ဆုံရခြင်းကို နည်းပြဆီမြွန်နီက ချန်ပီယံဖြစ်လိုပါက အကောင်းဆုံးအသင်း များကို အနိုင်ယူပြရမည်ဖြစ်ကြောင်း ကြုံးဝါးပြောဆိုသွားခဲ့သည်။

ဆီမြွန်နီက ''ဘာစီလိုနာနဲ့ ဒီအဆင့်မှာ တွေ့ဆုံနေတာကို ဖြစ်ရိုးဖြစ်စဉ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ ခင်ဗျားအနေနဲ့ ချန်ပီယံဖြစ်လိုရင် ရီးယဲလ်၊ ဘာစီလိုနာစတဲ့ အကောင်းဆုံးအသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီအသင်းနှစ်သင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေဖြစ်ပြီး ပြိုင်ပွဲတိုင်းမှာ သူတို့နဲ့ရင်ဆိုင်ရမှာပါ။ ဒါကြောင့် အသင်းအနေနဲ့ ချန်ပီယံဖလားကို ဆွတ်ခူးလိုတယ်ဆိုရင်တော့ အကောင်းဆုံး အသင်းတွေကို ကျော်ဖြတ်ပြရမှာ ဖြစ်ပါတယ်"ဟု ပြောဆိုသွားခဲ့သည်။

အက်သလက်တီကိုအသင်းသည် ကိုပါဒယ်ရေးဖလားကို ၂၀၁၃ခုနှစ်က နောက်ဆုံးရရှိထားပြီး အသင်းသမိုင်းတစ်လျှောက် (၁၀)ကြိမ် ဆွတ်ခူးရရှိထားသည်။ ၎င်းတို့၏ပြိုင်ဘက်ဘာစီလိုနာအသင်းမှာမူ ချန်ပီယံဆုဖလားကို (၂၈)ကြိမ်ဆွတ်ခူးရရှိထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေသည်။ အက်သလက်တီကိုအသင်းသည် ဆီမီးဖိုင်နယ် ပ-ကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ(၂) ရက်နေ့၌ အိမ်ကွင်းတွင်ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး ဒု-ကျော့ပွဲစဉ်ကို (၈)ရက်နေ့တွင် နူးကမ့်၌ သွားရောက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly